ပဲခူးတိုင်း ရေတာရှည်မြို့နယ်၊ ၁၂၅ မိုင်၊ သာဂရ-ကိုးပင် ရိုးမဖြတ်လမ်း၊ ဖိုးကျားဆင်စခန်းအနီးမှာ ဧပြီ ၇ ရက် ညပိုင်းက တက္ကစီယာဉ်မောင်းကို ခရီးသည် ၂ ဦးက စကေဘာနဲ့ထိုး ကားလုယက်မှု ဖြစ်ပွားခဲ့ပြီး လုယက်သူ ၂ ဦးအနက် တဦးကို ကားနဲ့အတူ ဖမ်းဆီးရမိပြီလို့ ကားပိုင်ရှင်နဲ့ နီးစပ်သူဆီက သိရပါတယ်။
အဲဒီနေ့လယ် ၂ နာရီ ၃၀ မိနစ်လောက်က ရန်ကုန်၊ အောင်ဇေယျအိမ်ရာကနေ အသက် ၃၀ အရွယ် အမျိုးသားနဲ့ အမျိုးသမီးတို့က အမြန်လမ်း ၁၆၅ မိုင်ကို တက္ကစီငှားခဲ့တာဖြစ်ပြီး ည ၉:၃၀ လောက် အမြန်လမ်းမှာ တက္ကစီယာဉ်မောင်းရဲ့ လည်ပင်း၊ ရင်ဘတ်နေရာတွေကို စကေဘာနဲ့ ထိုးသွင်း ကားလုယက်ခဲ့တာပါ။
ယာဉ်မောင်းမိသားစုနဲ့ နီးစပ်သူတဦးက "ကားမလုခင် ရက်လောက်က အဲ့အမျိုးသမီးက ရွှေတိဂုံကနေ ကားငှားစီးဖူးတယ်၊ ဖုန်းနံပါတ်တောင်းပြီး ညကျတော့ အမြန်လမ်း ၁၆၅ မိုင် သွားချင်လို့ဆိုပြီး ဖုန်းဆက်တာ၊ သူနဲ့ ကလေးတယောက်ပါမယ်၊ မိဘတွေကို သွားကန်တော့ချင်လို့ ပြောပြီးငှားတာပါ၊ အောင်ဇေယျအိမ်ရာကနေ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးပါတယ်၊ ၂ နာရီခွဲလောက် ရန်ကုန်ကနေ ထွက်သွားကြတာ၊ ည ၉ နာရီခွဲ လောက်မှာ အမြန်လမ်းမှာ ကားအလုခံရတယ် လည်ပင်းကို ထိုးသွားတယ်လို့ ကြားရတာ၊ အဲဒီ ညပိုင်းပဲ တစ်ဦးဖမ်းမိပါတယ်၊ ကားက ပြန်ရပါပြီ " လို့ ပြောပါတယ်။
အသက် ၃၃ နှစ်အရွယ် ယာဉ်မောင်းဖြစ်သူမှာ အဆုတ် သွေးရောက်နေပြီး လည်ပင်း ထိုးသွင်းဒဏ်ရာကြောင့် ဆွာဆေးရုံကနေ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကို အရေး ပေါ်ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
လုယက်ခံရတာကြောင့် အဖြူရောင် ပရိုဘောက်တက်စီ YGN 7E- 4003 ၊ ဖုန်း၊ ပိုက်ဆံအိတ် ယူဆောင်သွားခံရပြီး ကိုးပင်လမ်းဘက် မောင်းပြေးသွားခဲ့တာလို့ သိရပါတယ်။
အခင်းဖြစ်ပွားတဲ့ နေရာနဲ့ မိုင် ၅၀ ခန့်အကွာမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကနေ လုယက်သူ အမျိုးသားနဲ့ အမျိုးသမီးကို ဖမ်းမိခဲ့တာဖြစ်ပြီး အမျိုးသားဖြစ်သူက စစ်ကောင်စီဂိတ်မှာ ဖြေရှင်းမယ်လို့ ဆိုကာ ထွက်ပြေးသွားတာကြောင့် တက္ကစီနဲ့ လုယက်သူ အမျိုးသမီးကိုသာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
လုယက်သူ အမျိုးသမီးကို သာဂရအမြန်လမ်းရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရတဲ့ အပြင် ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်မှာ တက္ကစီလုယက်ပြီး ယာဉ်မောင်းကို အုပ်စုဖွဲ့ဓားထိုးရိုက်နှက်သူ အဖွဲ့ဝင် ၂ ဦးကို အရပ်ဘက်အဖွဲ့အစည်းတွေက ဖမ်းဆီးပြီး မြောက်ဒဂုံရဲစခန်းအပ်နှံထားတယ်လို့ သိရပါတယ်။
ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာအိမ်ရာဝန်း၊ ဇေကမ္ဘာ ၅ လမ်းမှာ ဧပြီ ၆ ရက် ညနေမှာ တက္ကစီကို လူ ၄ ဦးက အုပ်စုဖွဲ့လုယက်ပြီး ယာဉ်မောင်းအား အုတ်ခဲနဲ့ ထုသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဧပြီ ၆ ရက် ညနေ ၄ နာရီလောက်က ဇေကမ္ဘာ ၅ လမ်းထဲမှာ အသက် ၆၅ နှစ်အရွယ် အမျိုးသားတဦး လဲကျနေတာကြောင့် လူမှုကယ်ဆယ်ရေးအသင်းတွေကို အကြောင်းကြားခဲ့ရာက လူနာကို မြောက်ဥက္ကလာပ မေဓာဝီဆေးရုံ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ အမျိုးသားရဲ့ မျက်နှာ၊ နဖူးမှာ သွေးထွက်ဖူးရောင်ဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာတွေ ရရှိနေပြီး နစ်ဆန်အေဒီဗန် ခဲရောင်တက္ကစီကားကို လုယက်သူတွေက ယူဆောင်သွားတယ်လို့ သိရပါတယ်။
“အရှေ့က ယာဉ်မောင်းကို ကြိုးနဲ့သိုင်းပြီး အုတ်နီခဲနဲ့ထုပြီးတော့ ကားကိုလုသွားတာ။ မျက်နှာတခုလုံး ဖူးရောင်သွားတယ်၊ မျက်ခုံးကွဲသွားတယ်၊ မေဓာဝီဆေးရုံပို့ထားပါတယ်” လို့ ရန်ကုန်မြို့အခြေစိုက် ကယ်ဆယ်ရေးအသင်းတခုက ပြောပါတယ်။
လုယက်သူတွေထဲမှာ ကုလားဆင်တဦး၊ ဗလတောင့်သူ ၂ ဦးနဲ့ ပိန်ပိန်ပါးပါးတဦး ပါဝင်တယ်လို့ သိရပြီး မတ်လထဲမှာ တက္ကစီလုယက်သူတွေနဲ့ ပုံသဏ္ဌာန်အတူတူပဲလို့ သိရပါတယ်။
လုသွားတဲ့ကားနံပါတ်နဲ့ လိုက်ရှာကြရာ လှိုင်သာယာမှာ ပြန်တွေ့တာကြောင့် လိုက်သွားခဲ့ပေမဲ့ လုယက်သူတွေက မောင်းပြေးသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၂ ရက်၊ ၂၂ ရက်၊ ၂၈ ရက်တွေကလည်း မင်္ဂလာဒုံ၊ ပုလဲမြို့သစ်မှာပဲ တက္ကစီလုယက်ပြီး ယာဉ်မောင်းကို ဓားမွှမ်း၊ ထိုးကြိတ်လုယက်သွားမှု ၃ ကြိမ်ရှိခဲ့ကာ ဗဟန်းမြို့နယ်မှာ မတ် ၂၃ ရက်က ယာဉ်မောင်းကို ဓားနဲ့ထိုးပြီး ကားလုသွားတာကြောင့် ယာဉ်မောင်းသေဆုံးခဲ့ပါတယ်။
ရန်ကုန်မှာ မတ်လအတွင်း တက္ကစီလုယက်မှု ၄ ကြိမ်နဲ့ ဧပြီ ၆ ရက်မှာ ၁ ကြိမ် စုစုပေါင်း ၅ ကြိမ် ရှိနေပေမဲ့ စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးပါဘူး။