ကိုလံဘီယာရဲတွေဟာ နိုင်ငံမြောက်ပိုင်းက ဆိပ်ကမ်းမြို့ဖြစ်တဲ့ ကာတာဂျီနာ ဒေအင်ဒီယတ်စ် မြို့ထဲမှာ ကိုကင်း ၂ ဒသမ ၂ တန်ကို ဖမ်းမိခဲ့တယ်လို့ အာဏာပိုင်တွေက အောက်တိုဘာ ၃၀ ရက်မှာ ပြောပါတယ်။
ရဲတွေဟာ နယ်သာလန်နိုင်ငံ ရော့စတာဒမ်မြို့ကိုသွားမယ့် ကုန်သေတ္တာ တလုံးထဲကနေ မူးယစ်ဆေး အထုပ်ပေါင်း ၂၂၇၀ ကို ရှာတွေ့ခဲ့တာပါ။ ကုန်စည်တင်ပို့မှု စာရွက် စာတမ်းတွေမှာ ပုံမမှန်တာကို တွေ့ခဲ့လို့ သံသယဝင်ခဲ့တာပါ။
ကုန်သေတ္တာတွေကို ပုံရိပ်ဖမ်းစက်ထဲကနေ ဖြတ်သန်းခိုင်းတဲ့အခါမှာ ကိုကင်းတွေကို တွေ့ခဲ့ကြပါတယ်။
ဒီလို သိမ်းဆည်းရမိခဲ့လို့ ရာဇဝတ်ဂိုဏ်းတွေရဲ့ ဘဏ္ဍာငွေအမေရိကန်ဒေါ်လာ သန်း ၁၀၀ ဆုံးရှုံးနိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်အတွင်း ကိုလံဘီယာ အာဏာပိုင်တွေဟာ ကိုကင်းတန်ချိန် ၃၀၂ တန်ကျော်ကို ဖမ်းမိ သိမ်းဆည်းနိုင်ခဲ့ပါတယ်။
ကိုလံဘီယာအလယ်ပိုင်း၊ ဘွေနာဗန်တူရာကမ်းရိုးတန်းမြို့မှာ ရဲတွေက ကိုကင်း ၂ ဒသမ ၀၈ တန်ကို စက်တင်ဘာ ၄ ရက်မှာ ဖမ်းမိခဲ့ပါတယ်။
မူးယစ်ဆေးတွေကို မက္ကဆီကိုနိုင်ငံဆီပို့မယ့် မြေသြဇာအိတ် ၄၀၀ အကြားမှာ တွေ့ခဲ့တာပါ။ ဒီစစ်ဆင်ရေးကြောင့် အမေရိကန်ဒေါ်လာ ၃၇ သန်းဖိုးကို ရာဇဝတ်သားတွေ ဆုံးရှုံးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ကိုလံဘီယာ အာဏာပိုင်တွေက ၂၀၂၁ ခုနှစ်မှာ ဒီဆိပ်ကမ်းကနေ သိမ်းဆည်းရမိတဲ့ ကိုကင်း ၆ ဒသမ ၉တန် ရှိပြီလို့လည်း သတင်းမှာ ဖော်ပြပါတယ်။