close

ကိုဗစ်ကာလ

close

May 31, 2022

ကိုဗစ်ကာလ ကျောင်းပိတ်ချိန်ကြာမြင့်ပြီး မြန်မာကလေးများ ထိုင်းစာမေ့သွားသဖြင့် သင်ရိုး ညွှန်းတန်း ပြင်ဆင်ရ

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ၂ နှစ်ကျော်ပိတ်ထားခဲ့ရတဲ့ စာသင်ကျောင်းတွေကို ဒီလ ၁၇ ရက်က စတင်ဖွင့်လှစ်ခဲ့ရာမှာ မြန်မာကလေးတွေ ထိုင်းစာထိုင်းစကား မေ့လျော့သွားလို့ သင်ကြားမှုပုံစံနဲ့ သင်ရိုးညွှန်းတန်းပြင်ဆင်ခဲ့ရပါတယ်။

ကျောင်းပိတ်ချိန် ၂ နှစ်ကာလအတွင်း ကျောင်းသူ ကျောင်းသားတွေဟာ အွန်လိုင်းကတဆင့် မိမိနေအိမ်ကနေ သင်ယူခွင့်ရပေမဲ့ စာသင်ကျောင်းမှာလူကိုယ်တိုင် သွားရောက် သင်ကြားခွင့်ကတော့ အခုမှ ရရှိတာဖြစ်ပါတယ်။

ကျောင်းပြန်ဖွင့်တော့ ထိုင်းကလေးတွေအနေနဲ့ ပုံမှန်သင်ယူနိုင်ပေမယ့် နယ်စပ်က မြန်မာနဲ့ တိုင်းရင်းသားကလေးတွေကတော့ ထိုင်းစာနဲ့ ထိုင်းစကားနောက်ကျသွားကြောင်း ၊ အထူးသဖြင့် တာ့ခ်ခရိုင် မဲဆောက်၊ ဖုပ်ဖရ၊ ထာ့ဆောင်ယန်း၊ မယ်လမတ်နဲ့ အုန်းဖန်စတဲ့ ၅ မြို့နယ်ရှိ စာသင်ကျောင်းပေါင်း ၁၁၆ ကျောင်းမှ ကျောင်းသူကျောင်းသား ၅၀,၀၀၀ ကျော်မှာ ကိုဗစ်- ၁၉ ကြောင့် ပညာရေးနှောင့်နှေးသွားရတယ်လို့ ချနယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။ 

မဲဆောက်မြို့၊ ထာ့ဆိုင်လွတ်ရပ်ကွက်ရှိ ထာ့အတ်အခြေခံပညာအလယ်တန်းကျောင်းမှာ ကျောင်း သားဦးရေ ၆၈၀ ရှိပြီး ထိုင်းကလေး ၃၅ ဦးသာရှိကာ ကျန်တာကတော့ မြန်မာနဲ့  တောင်ပေါ် တိုင်းရင်းသားကလေးတွေဖြစ်ကြောင်း၊ အများစုကလည်း အထောက်အထားမဲ့ နိုင်ငံမဲ့ကလေးတွေ ဖြစ်တယ်လို့ ကျောင်းအုပ်ဆရာကြီး ကစ္စနဖန်း ချလိုမ်ဝိဆွတ်ကွန်းက ပြောပါတယ် ။ 

ဆရာမတစ်ဦးကလည်း အဆိုပါကလေးတွေအတွက်တော့ မိခင်ဘာသာစကားက ပထမဖြစ်ပြီး ထိုင်းဘာသာစကားက ဒုတိယဖြစ်နေကြောင်း၊ ၂ နှစ်တာ ကျောင်းပိတ်ချိန်တွေမှာ အိမ်ကမိသားစုအသိုင်းအဝိုင်းတွေနဲ့ မိခင်ဘာသာကိုသာပြောဆိုတာကြောင့် အခုလိုကျောင်းပြန်ဖွင့် တော့ ထိုင်းစကားတွေ မေ့နေလို့ သင်ကြားမှုပုံစံပြောင်းနေရတယ်လို့ ဆိုပါတယ်။ 

တာ့ခ်ခရိုင် နယ်မြေ - ၂ အခြေခံပညာဦးစီးမှူး နိုင်းပိဆစ် ဦဒုမ်းဝုန်းကလည်း တာ့ခ်ခရိုင်ဟာ နယ်စပ်ဖြစ်တဲ့အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းတင်းကျပ်ခဲ့ရကြောင်း ၊ ဒါကြောင့်  ကျောင်းသူကျောင်းသားတွေဟာ ၂ နှစ်လုံးလုံးစာသင်ခန်းနဲ့ ဝေးကွာခဲ့ရကြောင်း၊ ဒီအတွက် ပညာရေးနှောင့်နှေးမှုမဖြစ်စေဖို့ သင်ရိုးညွှန်းတမ်းအသစ်ကို အရေးပေါ် ပြင်ဆင်ရေးဆွဲအသုံးပြုရ မယ်လို့ ပြောပါတယ်။  

ခရိုင်ထဲမှာ ကျောင်းစဖွင့်တဲ့ တစ်ပတ်အတွင်း ကိုဗစ်-၁၉ ကူးစက်တဲ့ ကလေးတွေမရှိကြောင်း ၊ ရောဂါကာကွယ်ရေးတွေ ဆက်လက်လုပ်ဆောင်ပြီး နယ်စပ်ဂိတ်တွေပြန်ဖွင့်ရင် မြန်မာဘက်ခြမ်းက ကလေးတွေလည်း နေ့ချင်းပြန်ကျောင်းလာတက်လိမ့်မယ်လို့ ပညာရေးမှူးက ပြောပါတယ်။ 

9 hours Ago

August 30, 2021

သိန္နိမြို့တွင် ကိုဗစ်ကာလ ပြည်သူမှ ပြည်သူကို စားသောက်ကုန်များ လှူဒါန်း

ရှမ်းပြည်မြောက်ပိုင်း သိန္နိမြို့၊ ပန်းခြံရှေ့မှာ သြဂုတ် ၂၉ ရက် ညနေက ကိုဗစ်ကာလအတွင်း စားသောက်ရေးခက်ခဲသူတွေအတွက်  ပြည်သူက ပြည်သူကို ကူညီလှူဒါန်းခဲ့ပါတယ်။ 

ကိုဗစ်ကာလ စားသောက်ရေးခက်ခဲတဲ့ မရှိနွမ်းပါး အခြေခံလူတန်းစားတွေအတွက် မီးဖိုချောင်သုံးစားသောက်ကုန်တွေကို လိုသလောက်ယူဆောင်နိုင်ပြီး ပိုလျှင်လှူ လိုရင်ယူအစီအစဥ်နဲ့ ညီလှူဒါန်းနေတာပါ။ 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတာ ကြာရှည်လာတာနဲ့အမျှ အတည်ပြုလူနာတွေ များပြား လာတဲ့အတွက် အခြေခံလူတန်းစားတွေဟာ အလုပ်အကိုင်ရှားပါးတာကြောင့် စားသောက်ရေးအခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။ 

သိန္နီမြို့ အမှတ် ၂ ရပ်ကွက်နေထိုင်သူ တစ်ဦးက "မြို့မှာက ရောဂါပိုးတွေ့တာ များများလာတော့ အလုပ်ရှင်တွေက အလုပ်တွေရပ်ထားတယ်။ တစ်နေ့လုပ် တနေ့စားဆိုတော့ အလုပ်မရှိလို့ စားသောက်ရေးခက်ခဲနေတဲ့အချိန် အခုလိုလှူဒါန်းပေးတဲ့ အလှူရှင်တွေကို ကျေးဇူးတင်ပါတယ်"လို့ ဆိုပါတယ်။

ပန့်လော့ကျေးရွာသား အလှူရှင်ဦးအောင်အောင်လွင်က "ဆင်းရဲနွမ်းပါးတဲ့သူတွေ၊ အလုပ်အကိုင် အခက်အခဲရှိတဲ့သူတွေအတွက်လှူဖြစ်တာပါ။ အခုချိန်မှာ လူတိုင်းအခက်အခဲရှိနေပေမယ့် မရှိတဲ့သူတွေက ပိုခက်ခဲတယ် ဒါကြောင့် တတ်နိုင်တဲ့ဘက်က  ဆက်ပြီးလှူသွားဖို့ ရှိတယ်"လို့ ဆိုပါတယ်။

မရှိနွမ်းပါးသူတွေကို ကူညီလှူဒါန်းရာမှာ ပြည်သူက ပြည်သူကို ပြန်လည်ကူညီလှူဒါန်းတာ ဖြစ်လို့ တချို့ဒေသတွေမှာ စစ်ကောင်စီက အလှူရှင်တွေကို ဖမ်းဆီးတာတွေ ပိတ်ပင်တားမြစ်တာ တွေရှိတဲ့အတွက် အခြေခံ လူတန်းစားတွေရဲ့ စားသောက်ရေးအတွက် စိုးရိမ်တယ်လို့ အလှူရှင်တွေက ဆိုပါတယ်။ 

ဇွန်လ၂၁ ရက်က စတင်ပြီး သိန္နီမြို့မှာ ကိုဗစ် အတည်ပြုလူနာ ၂၀၀ နီးပါးရှိပြီး ၊ အတည်ပြုသေဆုံးသူ ၂ ဦးနဲ့ သံသယသေဆုံးသူ ၃၀ လောက်ရှိပြီလို့ မြို့ခံ လူမှုကူညီရေးအဖွဲ့က နေသိရပါတယ်။

9 months Ago
Up