မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းမှာ ဇူလိုင် ၂၆ ရက် မနက် ၉ နာရီက ချမ်းမြသာစည် ယာယီကိုဗစ်ကုသရေးစင်တာအသစ်ကို စတင်ဖွင့်လှစ်လိုက်ပါတယ်။
ဒီယာယီကုသရေးစင်တာအသစ်ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံက လှူဒါန်းတာဖြစ်ပြီး ၂၀၄ ကုတင်ဆံ့ စင်တာသစ်တစ်ခုဖြစ်ပါတယ်။
ချမ်းမြသာစည် ယာယီကိုဗစ်ကုသရေးစင်တာအသစ်မှာ တနေ့ကို လူနာအယောက် ၃၀ နှုန်းနဲ့ နေ့စဉ် လက်ခံသွားမယ်လို့ သိရပါတယ်။
ကိုဗစ်လူနာ တက်ရောက် ကုသရေးအပိုင်းကို တိုင်းကျန်းမာက စီမံခန့်ခွဲမယ်လို့ သိရှိရပါတယ်။
Photo - ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ရန်ပုံငွေ ရှာဖွေရေး ကော်မတီ
ကိုဗစ်-၁၉ ကူးစက်နှုန်း မြင့်တက်နေပြီး စစ်ကောင်စီက Stay at Home ကြေညာထားတဲ့ မန္တလေးခရိုင်အတွင်း ကိုဗစ်လူနာတွေကို ကုသဖို့အတွက် ချမ်းမြသာစည် လေဆိပ်ဟောင်းမှာ ၂၀၄ ခုတင်ဆံ့ ကိုဗစ်ကုသရေးစင်တာကို တရုတ်နိုင်ငံရဲ့ လှူဒါန်းမှုနဲ့ ဆောက်လုပ်နေတယ်လို့ စည်ပင်ပိုင် မန္တလေးနေ့စဉ် သတင်းစာမှာ ဖော်ပြထားပါတယ်။
လတ်တလောမှာ ကိုဗစ်ကူးစက်ခံထားရတဲ့ လူနာတွေအတွက် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ မန္တလေးတိုင်းရင်းဆေးရုံကြီး၊ ၆၂ လမ်း သံဃာ့ဆေးရုံကြီး၊ မန္တလေး အလုပ်သမားဆေးရုံကြီး၊ ဇီဝိတဒါန သံဃာ့ဆေးရုံ(ကန်တော်ကြီး)တို့မှာ ကိုဗစ် အတည်ပြုလူနာတွေကို ကုသပေးနေပြီး ထပ်တိုးချဲ့တဲ့အနေနဲ့ ချမ်းမြသာစည် လေဆိပ်ဟောင်းမှာ ပြုလုပ်နေတဲ့ ကုသရေးစင်တာနဲ့ ခုတင် ၅၀၀ အရိုးအထူးကုဆေးရုံကြီးတို့မှာပါ ကုသရေးစင်တာတွေ ဆောက်လုပ်နေတယ်လို့ သိရပါတယ်။
အဆိုပါ ကုသရေးစင်တာတွေ ဆောက်လုပ်ပြီးစီးသွားပါက လိုအပ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ volunteer teams တွေ၊ အခြားလိုအပ်တာတွေကို မန္တလေးတိုင်း စီမံအုပ်ချုပ်ရေး ကောင်စီက ဆောင်ရွက်ပေးမယ်လို့ ဖော်ပြထားပါတယ်။
မန္တလေးမြို့မှာတော့ အခုရက်ပိုင်းအတွင်း ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်နေပါတယ်။ ဒါပေမဲ့ NLD အစိုးရလက်ထက် ကူညီဆောင်ရွက်ခဲ့ကြတဲ့ အသင်းအဖွဲ့တွေ၊ လုပ်အားပေးသူတွေ မရှိသလောက် နည်းပါးသွားပြီ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစကာ စစ်အာဏာရှင်ကို ကန့်ကွက်တဲ့ ပြည်သူလူထုအပေါ် အာဏာသိမ်းစစ်တပ်က အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်ရာမှာ ထိခိုက်ဒဏ်ရာရသူတွေကို ကူညီကယ်ဆယ်ခဲ့တဲ့ ပရဟိတအသင်းအဖွဲ့တွေကိုလည်း စစ်ကောင်စီတပ်တွေက အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။