စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့မှာ အ.ထ.က (၂) ကျောင်းက ကျောင်းသားတွေ အပါအဝင် ကိုဗစ်-၁၉ ရောဂါကူးစက်နှုန်း မြင့်တက်လာတာကြောင့် စာသင်ကျောင်း ယာယီ ပိတ်ထားရတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားပြီးဖြစ်တဲ့ အမှတ် (၂) အထက်တန်း ကျောင်းက ဆရာမ တစ်ဦး နှာစေးပြီး ကိုယ်လက်ကိုက်ခဲလို့ စစ်ဆေးရာကနေ ရောဂါပိုးတွေ့ ရှိခဲ့တာပါ။
ဒီနောက် ထိတွေ့ဆက်စပ်သူတွေကို ကျန်းမာရေးဌာနက စစ်ဆေးရာ ကျောင်းသား/ကျောင်းသူ ၂၀ နဲ့ မိဘတွေအပါအဝင် ၄၈ ယောက် ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် မော်လိုက်မြို့မှာ စုစုပေါင်း ကူးစက်ခံရသူ ၁၂၇ ဦး ရှိသွားပြီလို့ သိရပါတယ်။
ကိုဗစ်ပိုးစတင်တွေ့ရှိတဲ့တဲ့ အမှတ် (၂) အထက်တန်းကျောင်းကို ဖေဖော်ဝါရီ ၂၆ ရက်အထိ ယာယီပိတ်ထားမယ်လို့ ကျောင်းအုပ်က ထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းက အထက်တန်းကျောင်းတချို့မှာ ကျောင်းသား အချို့ ကိုဗစ်ပိုးတွေ့ပေမယ့် ကျောင်းမပိတ်ဘဲ ဆက်ဖွင့်လှစ်နေတာကြောင့် ဒေသတွင်းကူးစက်မှု ပြန်လည်များပြားလာမှာ စိုးရိမ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြောက်ဒဂုံက အထက -၁ မှာ ကျောင်းသား ၂ ယောက် ကူးစက်ခံနေရသလို အထက- ၃ မှာလည်း ကိုဗစ်ပိုးတွေ့ ကျောင်းသားတွေ ရှိပေမယ့် ကျောင်းတွ် မပိတ်သေးတာကြောင့် ရပ်ကွက်ထဲ ကူးစက်မှုတွေ ပြန်ဖြစ်လာမှာတော့ စိုးရိမ်နေကြတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“မြို့ထဲ ကိုဗစ်ကူးစက်မှုတွေ ဘယ်လောက်ထိ များလာမယ်တော့မသိဘူး။ ခုဆို ဆေးခန်းတွေမှာ တော့ ဖျားနာ လူနာတွေ ပြန်များလာနေတယ်။”
အရှေ့ဒဂုံ အထက ၂ ကျောင်းမှာတော့ ကိုဗစ်ပိုးတွေ့တာကြောင့် ကျောင်းတစ်ပတ်ပိတ်ထား တယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ပိုးကူးစက်မှုများပြားလာနေတာကြောင့် လူစုလူဝေးရှောင်ဖို့၊ mask တပ်ဖို့၊ တိုင်းနဲ့ပြည်နယ်အချို့မှာ လှုံ့ဆော်မှုတွေ ပြန်လည်လုပ်ဆောင်နေပေမယ့် ဖေဖော်ဝါရီ ၁၀ ရက် ည ၈ နာရီထိ ကိုဗစ် စစ်ဆေးတွေ့ရှိမှုက တစ်ရက်တည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကိုဗစ်လူနာ ၁၃၀၇ ဦးထိ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။