close

ကိုဗစ်ကော်မတီ

close

August 5, 2021

ကိုဗစ်ကော်မတီက ပံ့ပိုးတာမရှိလို့ ကျိုက်ဒုံလူမှုကူညီရေးအသင်းများ အခက်အခဲနှင့် ရင်ဆိုင်ရ

ကရင်ပြည်နယ် ကျိုက်ဒုံမြို့မှာ ကိုဗစ် ၁၉ ရောဂါ အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်ပေးနေရတဲ့ လူမှုကူညီရေးနဲ့ပရဟိတအသင်းတွေကို တာဝန်ရှိသူတွေက ဝိုင်းဝန်းပံ့ပိုးတာမရှိတဲ့အတွက် အခက်အခဲတွေ့ရှိတယ်လို့  လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

ကိုဗစ် ၁၉ ရောဂါကူးဆက်ခံထားရသူတွေကို အရေးပေါ် ပို့ဆောင်တာ၊ အတည်ပြုနဲ့ သံသယ သေဆုံးသူတွေကို သဂြိုလ်တဲ့နေရာမှာ ကိုဗစ် ၁၉ ကော်မတီက လိုအပ်တဲ့ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ မထောက်ပံ့တဲ့အတွက် အခက်အခဲတွေ ရှိနေတာပါ။

လူမှုကူညီရေးလုပ်ငန်းတွေကို တက်ကြွစွာလုပ်ဆောင်နေသူတစ်ဦးက"အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ လှုပ်ရှားတာတွေ မရှိတော့ဘူး။ အရေးပေါ် ပြန်ဖြစ်လာတော့ နိုင်တဲ့ဖက်က ပြန်လုပ်ဆောင်ပေးနေတယ်။ ကျနော်တို့ကို အသက်သွင်းပေးဖို့နဲ့  လိုအပ်တဲ့ပစ္စည်းတွေ ပြန်လည်ထောက်ပံ့ပေးစေချင်တယ်"လို့ ပြောပါတယ်။ 

လက်ရှိ  လူမှုကူညီရေးအသင်းတွေမှာ လုပ်ဆောင်နေတဲ့ လူငယ်တွေဟာ ကြိုတင်ကာကွယ်မှု တွေအတွက်  ပံ့ပိုးမှုတွေမရှိလို့ ရောဂါကူးဆက်ခံရမှာကြောက်ပြီး လူမှုကယ်ဆယ်ရေးလုပ်ငန်း တွေမှာ  လူငယ်တွေလာရာက်ပူးပေါင်းလုပ်ဆောင်တာတွေ မရှိတော့ဘူးလို့ မြို့ခံပရဟိတ လူငယ်တစ်ဦးက ဆိုပါတယ်။

ကျိုက်ဒုံမြို့မှာ ဇူလိုင် ၁၅ ရက်နေ့ကနေ စတင်ပြီး အတည်ပြုပိုးတွေ့ရှိခဲ့ရာ  ရောဂါ ကူးဆက်ခံရသူ ၅ ဦး၊ ကိုဗစ်အတည်ပြု သေဆုံးသူ ၁ ဦးရှိတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

အတည်ပြုလူနာ၊ သေဆုံးသူ၊ သံသယသေဆုံးသူနဲ့ ဆက်စပ်ထိတွေခဲ့သူတွေကို စုံစမ်းစီစစ်တာတွေ မရှိသလို ထိရောက်တဲ့ ကြိုတင်ကာကွယ်မှုတွေမရှိတဲ့အပြင် တိကျတဲ့သတင်း ထုတ်ပြန်ချက်တွေမရှိတဲ့အတွက် မြို့နယ်ကိုဗစ်ကော်မတီကို  ဝေဖန်နေကြသလို ရောဂါကူးဆက်ပြန့်ပွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

13 mins Ago

December 23, 2020

ရွှေ့ပြောင်းလုပ်သားများကို ကယားပြည်နယ်ဝင်ခွင့် ဆိုင်းငံ့ခြင်းမပြုရန် ကိုဗစ်ကော်မတီ ညွှန်ကြား

ကယားပြည်နယ်အတွင်း လာရောက်အလုပ်လုပ်ကိုင်မယ့် ရွှေ့ပြောင်းလုပ်သားတွေကို ဝင်ခွင့်ဆိုင်းငံ့မထားဘဲ ကွာရန်တင်းဝင်ရောက်ပြီး စနစ်တကျ ဆောင်ရွက်ပေးဖို့ ကိုဗစ်ထိန်းချုပ်ရေးဗဟိုကော်မတီက ညွှန်ကြားခဲ့တယ်လို့ ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက ပြောပါတယ်။ ဒီကနေ့ ကျင်းပတဲ့ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ၁၉ ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) မှာ ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က “၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဆောင်နေတဲ့ ကုမ္ပဏီအနေနဲ့ ပြည်နယ်ခြား ရွှေ့ပြောင်းအလုပ်သမားတွေ ခေါ်ယူတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆောင်ရွက်ထားမှုအခြေအနေကို မေးမြန်းခဲ့ပါတယ်။ ဒီမေးမြန်းမှုအပေါ် ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက “ကယားပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေးအတွက်  ဒေသခံလူထုရဲ ဆန္ဒအရသော်လည်းကောင်း၊ လက်ရှိပြည်နယ်အတွင်းရှိ ဒေသခံလုပ်သားများ အလုပ်အကိုင်ရရှိရေးအတွက်သော်လည်းကောင်း ရည်ရွယ်၍ ပြင်ပရွှေ့ပြောင်းလုပ်သား ပြည်နယ်အတွင်းကို ဝင်ထွက်ခွင့်ကိစ္စ ခေတ္တဆိုင်းငံ့ထားရန်အတွက် ညွှန်ကြားချက်ထုတ်ပြန်နိုင်ရေး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့  ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ကုသရေး အမျိုးသာအဆင့် ဗဟိုကော်မတီကို တင်ပြလမ်းညွှန်မှုခံယူခဲ့ရာ ပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုမြင့်တင်လာစေရေးအတွက် ဒေသတွင်းမှာရှိတဲ့ စက်ရုံ အလုပ်ရုံများကို ပြန်လည်ဖွင့်လှစ်နိုင်ရေးနဲ့ ထပ်မံဖွင့်လှစ်တဲ့ စက်ရုံ အလုပ်ရုံတွေကိုလည်း ဦးစားပေးဖွင့်လှစ်နိုင်ရေး စစ်ဆေးကြပ်မတ်စီမံဆောင်ရွက်သွားရန်ဖြစ်ပြီး ကယားပြည်နယ်အတွင်းကို ပြည်ပ (ပြည်နယ်ပြင်ပ) ရွှေ့ပြောင်းလုပ်သားတွေ ဝင်ထွက်ခွင့်ကိစ္စကို ဆိုင်းငံ့ခြင်းမပြုဘဲ ဝင်ရောက်လာသူတွေကို ကွာရန်တတင်းထားရှိပြီး ဆောင်ရွက်သွားရန် ပြန်လည်ညွှန်ကြားလာခဲ့ပါသည်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒီညွှန်ကြားချက်နဲ့အညီ ပြည်နယ်အတွင်း ကိုဗစ်ရောဂါ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရွှေ့ပြောင်းလုပ်သားတွေ ပြည်နယ်အတွင်း ဝင်ထွက်ခွင့်ကိစ္စနဲ့ပတ်သက်ပြီး ကုမ္ပဏီတွေကိုလည်း လိုက်နာရမယ့်အချက်တွေ ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီအနေနဲ့ ကြိုတင်တင်ပြမှုမရှိဘဲ အဝင်ဂိတ်ကို ရောက်ရှိတာ၊ လုပ်ငန်းခွင်ကို ခိုးဝင်တာ တွေရှိပါက ကုမ္ပဏီတာဝန်ရှိသူတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားဖို့ ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ ပြည်နယ်တွင်း ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှာကို ဒေသခံတွေ စိုးရိမ်နေမှုအပေါ်မှာလည်း ဗိုလ်မှူးကြီးမြင့်ဝေက  “အလုပ်သမားတွေ ဝင်ထွက်ခွင့်ကို ဆောင်ရွက်နေသော်ငြားလည်း ပြည်နယ်အတွင်း ရောက်ရှိလာတဲ့ အလုပ်သမားများ ကျန်းမာရေးကောင်းမွန်ဖို့ကို စတနစ်တကျ ကွာရန်တင်းထားရှိပြီးမှသာလျှင် ရရှိတဲ့ကျန်းမာရေး အဖြေပေါ်မှာ မူတည်ပြီးမှ မြို့နယ်များ သက်ဆိုင်ရာ လုပ်ငန်းခွင်အလိုက် စေလွှတ်ခြင်းဖြစ်တာ ဖြစ်တဲ့အတွက် ကျန်းမာရေးရှုထောင့်အရ ကြည့်ရင်လည်း မိမိပြည်နယ်အတွင်း စိုးရိမ်ဖွယ်ရာဖြစ်သော ကိုဗစ်ရောဂါ ပြန့်ပွားရေးကို စနစ်တကျ မိမိတို့ စီမံကြပ်မတ်ကွပ်ကဲလျက် ရှိပါကြောင်း ဖြည့်စွက်တင်ပြလိုပါတယ်” လို့ လွှတ်တော်အတွင်း ဖြေကြားခဲ့ပါတယ်။ ပြည်နယ်အစိုးရက ဒီလိုညွှန်ကြားချက်တွေ ထုတ်ပြန်ထားပြီးဖြစ်ပေမယ့် ဒေသခံတွေအနေနဲ့ ပြည်နယ်ပြင်က အလုပ်သမားတွေကို လုံးဝခေါ်တာမျိုးမလုပ်စေချင်ဘူးလို့ ဖရူဆိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါတယ်။ “ဝန်ကြီး ဖြေကြားတဲ့ထဲမှာ ပြည်နယ်ခြားက ခေါ်သွင်းလာတဲ့ အလုပ်သမားကိစ္စပဲ ကြီးကြပ်တဲ့အပိုင်းကိုပဲ ကျနော်တွေ့ရတယ်။ ကျနော်တို့ ဖြစ်စေချင်တာကတော့ တချို့ကျေးရွာ လူထုတွေကလည်း အလုပ်ရှားပါးတာတွေဖြစ်တယ်။ နောက်ပြီး ဒီအလုပ်ကို ဝင်လုပ်ဖို့ တချို့ကုမ္ပဏီတွေကလည်း စိုးရိမ်စိတ်တွေရှိတယ်။ ဒေသခံတွေက ဒီလုပ်ငန်းနဲ့ပတ်သက်တာ ကျွမ်းကျင်မှုမရှိဘူးပေါ့နော်။ နောက် ကိုယ်စားလှယ်တချို့တောင်မှ ဒီလိုပြောတာပေါ့နော်။ ကျွမ်းကျင်မှုမရှိဘူး၊ သုံးလို့မရဘူးလို့ သူတို့အနေနဲ့ ပြောလာတဲ့အခါကျတော့ ကျနော်တို့အနေနဲ့က အဲဒီလို မဖြစ်စေချင်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုရင် ဘယ်သူမှ မွေးကတည်းက သူ့သူကျွမ်းကျင်ပြီးသားဆိုတဲ့လူက တယောက်မှမရှိပါဘူး။ သင်ယူရင်းနဲ့ ဖြစ်လာမှာပါ။ မဖြစ်ဘူးဆိုတာ မရှိဘူး။ မဖြစ်သေးတာပဲ ရှိတာပေါ့နော်။ ကိုဗစ်ကလည်း အမြန်လည်း ပြီးမှာလည်း မဟုတ်ဘူး၊ ဆက်ရှိနေဦးမှာပဲဆိုတော့ နောက်နှစ်တွေမှာဆိုရင် ဒီလိုလုပ်ငန်းငန်းတွေ ဆောင်ရွက်တဲ့အခါမှာလည်း ဒေသလုပ်ငန်းတွေ၊ အလုပ်သမားတွေ ဒေသခံအလုပ်သမားတွေလည်း လုပ်ငန်းကျွမ်းကျင်တဲ့ အနေအထားမျိုးဖြစ်အောင်တော့ ကုမ္ပဏီက ဆွဲခေါ်သင့်တယ်လို့ ကျနော်က အဲလိုမြင်တာပေါ့နော်။  ” ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းမှာ ကွာရန်တင်းဝင်ရောက်တဲ့ ပဲခူးနဲ့ ရန်ကုန်က အလုပ်သားမား ၁၇ ဦးဆီက ဒီဇင်ဘာ ၈ ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိပြီးနောက် ပြည်မက လုပ်သားတွေ ခေါ်ယူတာတွေ မလုပ်ဘဲ အတတ်နိုင်ဆုံး ပြည်နယ်အတွင်းက အလုပ်သမားတွေနဲ့သာ လုပ်ငန်းအောင်မြင်ရေးဆောင်ရွက်ဖို့ ပြည်နယ်စိုးရက ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။
7 months Ago
Up