close

ကိုဗစ်စစ်ဆေးရေးဂိတ်

close

October 12, 2022

ညောင်တုန်း ကိုဗစ်စစ်ဆေးရေးဂိတ်တွင် ယာဉ်စည်းကမ်းအကြောင်းပြပြီး ငွေတောင်းခံနေ

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာ အောက်တိုဘာ ၁၁ ရက်က  ယာဉ်အန္တရာယ်ကင်းရှင်း‌ရေး အကြောင်းပြပြီး စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေက ခရီးသွားပြည်သူတွေဆီကနေ အတင်းအကျပ် ငွေကြေးတောင်းခံနေပါတယ်။

ငှက်ပျောကျွန်းလမ်းမှာရှိတဲ့ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်မှာ မော်တော်ဆိုင်ကယ် အစီး ၂၀ ထက်မနည်းကို ဖမ်းဆီးပြီး တစီးကို ကျပ် ၃၀,၀၀၀ တောင်းယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆိုင်ကယ်အဖမ်းခံရသူ အမျိုးသားတယောက်က “အရင် ကိုဗစ် ဂိတ်ဟောင်းနေရာမှာ မော်တော်ယာဉ်စစ်တာ။ သူတို့ပြောတော့သာ ယာဉ်စည်းကမ်း အသိပညာပေးပြောပြီး တစီး သုံးသောင်းတောင်းတယ်။ ဒီလောက် စီးပွားရေးတွေ ကျပ်တည်းနေချိန် အမျိုးမျိုး ဒုက္ခပေးနေတာ။ အဖမ်းခံရတာ အစီး ၂၀ကျော်လောက်ရှိတယ်” လို့ ပြောပါတယ်။

ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ရှိစေရေး အကြောင်းပြပြီး ညောင်တုန်းမြို့မစခန်းမှူး ဒုရဲမှူးညီညီ ဦးဆောင်ကာ စည်ပင်ဝန်ထမ်းတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ပူးပေါင်းဖမ်းဆီးခဲ့တာပါ။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ဟောင်းနေရာမှာ မော်တော်ယာဉ် ဖမ်းဆီးစစ်ဆေးတာဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

8 mins Ago

December 23, 2020

ငရုတ်ကောင်းမြို့ နံ့သာပုကျေးရွာအုပ်စု ကိုဗစ်စစ်ဆေးရေးဂိတ်အားလုံး ပိတ်သိမ်း

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ နံ့သာပုကျေးရွာအုပ်စုရှိ ကိုဗစ် စစ်ဆေးရေးဂိတ်အားလုံးကို ဒီဇင်ဘာ ၂၂ ရက်နေ့က စတင်ကာ ပိတ်သိမ်းလိုက်ပြီလို့ သိရပါတယ်။ ရန်ကုန်ကနေ ကျေးရွာရှိ ဟိုတယ်ဆောက်လုပ်ရေးလုပ်ငန်းခွင်လာတဲ့ လုပ်ငန်ရှင်နဲ့အဖွဲ့ကို နံ့သာပုကျေးရွာအုပ်စု ကိုဗစ်ကော်မတီက ကွာရန်တင်း ၇ ရက်ဝင်ခိုင်းတာကို လိုက်နာခြင်း မရှိတဲ့အပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးကို တိုင်ကြားခဲ့ပေမဲ့ မရတာကြောင့် ခုလို ကျေးရွာ ကိုဗစ်စစ်ဆေးရေးဂိတ်ကို ဖျက်သိမ်းလိုက်တာလို့ နံ့သာပုကျေးရွာအုပ်စု စစ်ဆေးရေးဂိတ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “အဝင်၊ အထွက်ဂိတ်တွေ အကုန်ဖျက်လိုက်ပြီ။ လူဝင်လူထွက် ဂိတ်တွေကိုရော။ သူတို့ကမှ ကွာရန်တင်းဝင်ခိုင်းတာကို မလိုက်နာတာ ကျနော်တို့ စစ်ဆေးဂိတ်တွေ ဆက်ထားလည်း အပိုပဲ။ ရွာထဲသူတွေ ဆိုက်ထဲမှာ သွားလုပ်နေကြတာလည်း အများကြီးပဲ။ အခုဟာက မြင်ရတဲ့ရောဂါ မဟုတ်တော့ တကယ်လို့ သူတို့မှာသာ ရောဂါပိုးပါလာခဲ့ရင် ကူးစက်မှုတွေ ဖြစ်လာနိုင်ပါတယ်” ဟု နံ့သာပုကျေးရွာနေ ဦးအစံက ပြောပါတယ်။ ရန်ကုန်ကနေ လာရောက်တဲ့ ဟိုတယ်လုပ်ငန်းရှင်နဲ့အဖွဲ့ကို ကွာရန်တင်းဝင်ဖို့အတွက် မြို့အုပ်ချုပ်ချုပ်ရေးမှူးကိုယ်တိုင် မှာကြားတာတွေရှိပေမဲ့ လက်မခံဘဲ လုပ်ငန်းခွင်မှာပဲ နေထိုင်မှုတွေ ရှိသလို လုပ်ငန်းခွင်ထဲက လူတွေက ရွာထဲမှာ ဈေးထွက်ဝယ်တာမျိုးတွေရှိတာကြောင့် ဒေသခံတွေက ရောဂါကူးစက်ခံရမှာကို စိုးရိမ်ထိတ်လန့်ကြပါတယ်။ နံ့သာပုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းက “ခုဟာက ရန်ကုန်ကနေ လာတယ်။ ကျန်းမာရေးထောက်ခံစာလည်း ပါတယ်။ RTD နဲ့စစ်ဆေးထားတာလည်း ပါပါတယ်။ ဒါပေမဲ့ ကျေးရွာနေပြည်သူတွေ စိတ်လုံခြုံမှုရအောင်လို့ သူတို့ကို ကွာရန်တင်းဝင်ခိုင်းတာ ဖြစ်ပါတယ်။ ဒါကို သူတို့က မလိုက်နာဘဲ သူတို့ဆိုက်ထဲမှာ ကွာရန်တင်းနေမယ်လို့ ပြောပါတယ်။ ရွာသားတွေကလည်း ကြောက်နေကြပါတယ်။ သူတို့ဆိုက်ထဲက စျေးဝယ်တာကလည်း ရွာထဲမှာပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဧရာ၀တီတိုင်းမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၄၀၈၅ ဦးထိရှိပြီး ဆင်းရုံဆင်းခွင့်ရရှိသူ ၃၄၀၀ ဦးရှိကာ သေဆုံးလူနာ ၃၃ ဦးရှိတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ သတင်း - မင်းထက်မုန်း(ပုသိမ်)
2 years Ago
Up