ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် ညှိနှိုင်းတဲ့နည်းလမ်းနဲ့ လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နိုင်ငံအားလုံးကို ဒီဇင်ဘာ ၁၆ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
သူ့ရဲ့ နှစ်ကုန်ပိုင်းသတင်းစာရှင်းလင်းပွဲအတွင်း ကပ်ရောဂါနဲ့ နိုင်ငံတကာဘဏ္ဍာရေးစနစ် နှစ်ခုလုံးရဲ့ အုပ်ချုပ်မှုမှာ လိုငွေပြမှုတွေကို ဖြေရှင်းပြောကြားချိန်မှာ မေတ္တာရပ်ခံ ပြောကြားခဲ့တာပါ။
“ကိုဗစ်-၁၉ က ပျောက်မသွားပါဘူး၊ ကမ္ဘာကြီးဟာ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ နည်းလမ်းနဲ့ ကပ်ရောဂါကို အနိုင်ယူနိုင်မှာမဟုတ်ဘူး” လို့ ဂူတာရက်စ်က အလေးပေးပြောကြားခဲ့ပါတယ်။
ကာကွယ်ဆေးတစ်ခုတည်းက ကပ်ရောဂါကို အမြစ်ပြတ်ချေမှုန်းနိုင်မှာ မဟုတ်ဘူးလို့လည်း ကုလအတွင်းရေးမှူးချုပ်က ပြောပါတယ်။
ကာကွယ်ဆေးတွေက ဆေးရုံတက်ကုသခြင်းနဲ့ ဆေးထိုးထားတဲ့သူ အများစုအတွက် သေဆုံးခြင်း တို့ကို ရှောင်လွှဲနိုင်ပြီး ရောဂါပျံ့နှံ့မှုကို တားဆီးနိုင်နေတာပါ။
“ဒါပေမယ့် ကာကွယ်ဆေး ညီညီမျှမျှ မရမှုတွေကြောင့်လည်း ကူးစက်ပျံ့နှံ့မှုတွေက ရပ်တန့်သွားမယ့် လက္ခဏာ မပြပါဘူး။ ကာကွယ်ဆေး သိုလှောင်မှု မဟာဗျူဟာ၊ ကာကွယ်ဆေး အမျိုးသားရေး မဟာဗျူဟာ သို့မဟုတ် ကာကွယ်ဆေး သံခင်းတမန်ခင်း မဟာဗျူဟာ မအောင်မြင်ခဲ့ပါဘူး” လို့ ဂူတားရက်စ်က ပြောပါတယ်။
ဒီပျက်ကွက်မှုတွေအတွက် အခုဗိုင်းရပ်စ်မျိုးကွဲသစ်က သက်သေပါပဲလို့လည်း ဆိုပါတယ်။
အခုကစပြီး ကျနော်တို့ဟာ တရားမျှတတဲ့နည်းလမ်းရှိဖို့ လိုအပ်ကြောင်းကို ကမ္ဘာ့နိုင်ငံတွေအနေနဲ့ နားလည်သဘောပေါက်ရန် မျှော်လင့်ပြီး ကပ်ရောဂါကိုဖြေရှင်းရပါမယ်လို့ ဆိုပါတယ်။
WHO ရဲ့ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက် ၄၀ ရာခိုင်နှုန်းကို အောင်မြင်အောင် ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့ လာမယ့်ရက်တွေအတွင်း ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့ နိုင်ငံတွေကိုလည်း တောင်းဆိုလိုက်ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေး တိုးလုပ်ကြဖို့ ရုရှားအစိုးရက ဒေသန္တရ ခေါင်းဆောင်တွေကို အောက်တိုဘာ ၂၆ ရက်မှာ အမိန့်ပေးလိုက်ပါတယ်။
ကူးစက်ခံနေ့စဉ် သေဆုံးနှုန်းက ၈ ရက်အတွင်း ၆ ရက်မြောက် စံချိန်သစ်တင်ခဲ့လို့ ခုလို အမိန့်ထုတ်လိုက်တာပါ။
ဒါဟာ အရင်အပတ်က ကူးစက်မှုထက် ၁၀ ရာခိုင်နှုန်းကျော် ပိုများလာပြီး နိုင်ငံတလွှား ဒေသ ၈၅ ခုက ဆေးရုံတွေမှာ ကုသနေရသူ အယောက် ၂ သိန်း ၇ သောင်းနီးပါးရှိတယ်လို့ ကျန်းမာရေး ဝန်ကြီး မီခေးလ် မူရတ်ရှ်ကိုက ပြောပါတယ်။
လူနာဆောင်တွေမှာ လူနာတွေပြည့်ကြပ်နေပြီး ဝန်ထမ်းတွေ အကြီးအကျယ် ဝန်ပိနေပြီ အငယ်တန်း ဆရာဝန်တွေနဲ့ ဆေးကျောင်းသားတွေကိုပါ ကူညီဖို့ ခေါ်ထားရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
ဆေးရုံတင် ကုသခံ လူနာ ၉၈ ရာခိုင်နှုန်း၊ ၉၉ ရာခိုင်နှုန်းက ကာကွယ်ဆေး မထိုးရသေးတဲ့လူတွေလို့ မော်စကို အရှေ့တောင်ဘက် ဗိုလ်ရှ်စကီမြို့က ဆေးရုံရဲ့ အထူးကု ဒု-ဆရာဝန်ချုပ်က ပြောပါတယ်။
အာဏာပိုင်တွေဟာ ဒေသ ၁၃ ခုက ဆေးရုံတွေမှာ ကုတင်တွေ အဆင်သင့်လုပ်ထားဖို့ နဲ့ လူတွေကို အသွားအလာ ပိုထိန်းချုပ်ဖို့ လိုမယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
သမ္မတ ဗလာဒီမီယာ ပူတင်ကတော့ အောက်တိုဘာ ၃၀ ကနေ နိုဝင်ဘာ ၇ ရက်ထိ ကာလကို နိုင်ငံလုံးဆိုင်ရာ အလုပ်ပိတ်ရက်အဖြစ် ကြေညာခဲ့ပါတယ်။
ဒါ့အပြင် ဒေသအလိုက် လိုအပ်ချက်အပေါ် မူတည်ပြီး အာဏာပိုင်တွေက တာဝန်ခံ ဆောင်ရွက်ကြဖို့ အားပေးထားပါတယ်။
မော်စကို မြို့တော်မှာ ကူးစက်နှုန်းက အရင်အပတ်ကထက်စာရင် ၁၄ ရာခိုင်နှုန်း တိုးလာတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။
ကျန်ခဲ့တဲ့ ၂၄ နာရီအတွင်း ရုရှားတနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ သေဆုံးသူ ဦးရေ ၁၁၀၆ ဦး ရှိတယ်လို့ အာဏာပိုင်တွေက ကြေညာထားပါတယ်။ ဒါဟာ ကပ်ဘေးစတည်းက ခုထိ တရက်အတွင်း လူအသေ အများဆုံးနေ့ ဖြစ်ခဲ့တာပါ။
၂၄ နာရီအတွင်း အသစ်ကူးစက်ခံဦးရေကတော့ ၃၆၄၄၆ ဦး ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။