close

ကိုဗစ်သက်သာတိုင်းရင်းဆေးတု

close

August 24, 2021

ကိုဗစ်သက်သာတိုင်းရင်းဆေးတု ထုတ်လုပ်သည့်နေရာ ထိုင်းရဲတပ်ဖွဲ့ဝင်ဖမ်း

ထိုင်းနိုင်ငံမှာ ဖာ့ထလိုင်းကျူန်း(ဆေးခါးကြီး)လို့ လူသိများတဲ့ တိုင်းရင်းဆေးဟာ ကိုဗစ်- ၁၉ ရောဂါ ဟန့်တားစေနိုင်ကြောင်း ထိုင်းကျန်းမာရေးဦးစီးဌာနက အတည်ပြုခဲ့ပြီးတဲ့နောက် အဆိုပါဆေးဟာ လွန်စွာရောင်းကောင်းနေပြီး ဝယ်လို့မရအောင် ဆေးပြတ်ကုန်တဲ့အတွက် အတုအပပြုလုပ်ရောင်းချတာတွေလည်း ရှိလာပါတယ်။ 

အဲဒီထဲက ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင်၊ ဘန်ပအင်မြို့နယ်ရှိ ဖာ့ထလိုင်းကျူန်းအတု ထုတ်တဲ့ အလုပ်ရုံတရုံကို သွားရောက်ဖမ်းဆီးအရေးယူခဲ့ကြောင်း ထိုင်းနိုင်ငံစားသုံးသူများ ကာကွယ်စောင့်ရှောက်ရေးအသင်း၊ အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ ကျန်း မာရေးဌာနနဲ့  နယ်မြေခံရဲတပ်ဖွဲ့က တာဝန်ရှိသူတွေဟာ ဩဂုတ် ၂၃ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ဒီမတိုင်ခင်က ပြည်သူ ၁ ဦးဟာ ဖေ့စ်ဘွတ်ခက်နေ ကြေငြာရောင်း ချနေတဲ့ဖာ့ထလိုင်းကျူန်းဆေး (ဆေးလုံး ၄၅၀ ပါ တစ်ဘူးကို ဘတ် ၄၅၀ တန် )   တွေကို မှာယူပြီး ကိုဗစ်-၁၉ ကူးစက်ခံနေရတဲ့ သံဃာတော်တွေကိုရည်စူးကာ ဘုန်းကြီးကျောင်း တကျောင်းကို လှူဒါန်းခဲ့ကြောင်းပို့စ်တင်ခဲ့ပါတယ်။

ဆရာတော်က အဆိုပါဆေးကို သောက်ကြည့်ရာမှာ ခါတိုင်းလို ခါးသက်တဲ့အရသာမရှိတာကြောင့် ဆေးဘူးကို  သေချာကြည့်ရာမှာ တိုင်းရင်းဆေး မှတ်ပုံတင်အမှတ်ပါပေမယ့် ကုတ်နံပါတ်က စစ်ဆေးလို့မရဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အလှူရှင်ဆီ ပြအကြောင်းကြားပြီး အလှူရှင်က သက်ဆိုင်ရာကို တိုင်တန်းခဲ့ပါတယ်။ 

တာဝန်ရှိသူတွေက ဆေးရောင်းတဲ့ ဖေ့စ်ဘွတ်ခ်ပိုင်ရှင်ကို  မေးမြန်းရာမှာ သူက အရောင်းကိုယ်စားလှယ် သက်သက်သာဖြစ်ပြီး ဆေးအတု/အစစ်ကို မသိဘူးလို့ ပြောပါတယ်။ ထုတ်လုပ်တဲ့နေရာကို ဆက်လက်စုံစမ်းရာမှာတော့ အယုဒ္ဓယခရိုင် ဘန်ပအင်မြို့နယ်မှာ ရှိကြောင်းသိရတဲ့အတွက် သွားရောက်ဖမ်းဆီးခဲ့တာပါ။

အဆိုပါအလုပ်ရုံကနေ ဖာ့ထလိုင်းကျူန်းဆေးအတု ၁၇၃ ဘူးနဲ့ ဘူးထဲမထည့်ရသေးတဲ့ ဆေးလုံးပေါင်း ၁၈၂၅၀၀ လုံး ကိုဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး အလုပ်ရုံပိုင်ရှင် သားအမိ ၂ ဦးကိုလည်း ဖမ်းဆီးအရေးယူသွားမယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံရဲ့ တည်ဆဲဥပဒေအရ ဆေးဝါးအတုထုတ်လုပ်ပါက ထောင်ဒဏ် ၁၀ နှစ် ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁ သန်းထက်မပိုတဲ့ပြစ်ဒဏ်ခံရနိုင်ပြီး ၊  ခွင့်ပြုချက်မရဘဲ ဆေးဝါးထုတ်လုပ်ပါက ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ် ဘတ် ၃ သိန်းထက်မပိုတဲ့ ပြစ်ဒဏ်ခံရနိုင်ကာ၊ ဆေးဝါးအတုရောင်းဝယ်ပါက ထောင်ဒဏ် ၃ နှစ် သို့မဟုတ်  ငွေဒဏ် ဘတ် ၃ သိန်း ကျခံရနိုင်တာ ဖြစ်ပါတယ်။

ကိုးကား- THAI POST

3 mins Ago
Up