close

ကိုဗစ်အရေး

close

July 3, 2021

ဗြိတိန်ဝန်ကြီးချုပ်နှင့် ဂျာမန်အဓိပတိတို့ ကိုဗစ်အရေး ဆွေးနွေး

ဗြိတိန်၀န်ကြီးချုပ် Boris Johnson နဲ့ ဂျာမန်အဓိပတိ Angela Merkel တို့ ဇူလိုင် ၂ ရက် မှာ တွေ့ဆုံပြီး ဗြိတိန်မှာ အလွန်ကူးစက်နှုန်းမြင့်တဲ့ Delta မျိုးကွဲကူးစက်ခံရမှုတွေ မြင့်တက်လာ တာကြောင့် COVID-19 ခရီးသွားလာရေး ကန့်သတ်ချက်တွေအကြောင်း ဆွေးနွေးခဲ့ပါတယ်။

 ဗြိတိန်ကို အဓိပတိတယောက်အနေနဲ့ မာကဲလ်ရဲ့နောက်ဆုံးဖြစ်မယ့် ခရီးစဉ်မှာ Johnson ရဲ့ Checkers ကျေးလက်အိမ်မှာ လက်ခံကျင်းပတဲ့ အစည်းအဝေးဟာ တရားဝင်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေဖို့ ရည်ရွယ်ခဲ့တာပါ။ 

သူတို့ရဲ့အစည်းအဝေးအတွင်းမှာ Johnson က ဗြိတိန်နိုင်ငံရဲ့ အဆင့်မြင့်ကာကွယ်ဆေးထိုး အစီအစဉ်ဟာ သူ့နိုင်ငံသားတွေကို ဒီနှစ်မှာ ပြည်ပကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် သွားလာခွင့်ပြု သင့်ကြောင်းနဲ့ တနှစ်ကျော်လောက် ကူးစက်မှု ကန့်သတ်ချက်တွေ အပြီးမှာ အထိနာနေတဲ့ ခရီးသွားလုပ်ငန်းကို ဆက်လက်ရှင်သန်ဖို့ လိုအပ်ကြောင်းလည်း ပြောပါတယ်။ 

ဒါပေမဲ့ သူတို့ အားလပ်ရက်ကနေ ပြန်လာတဲ့အခါ ကာကွယ်ဆေး အပြည့်ထိုးပြီးသားသူတွေ အတွက် quarantine ဝင်ဖို့ မလိုဘူးလို့ ဗြိတိန်နိုင်ငံက ဖြေလျှော့ပေးထားပေမဲ့ ဂျာမနီ အပါအ၀င် တချို့ဥရောပနိုင်ငံတွေဟာ ဗြိတိန်က ဝင်ရောက်လာသူတွေအတွက် ကာကွယ်ဆေးထိုးထားပြီး အခြေအနေကို ထည့်မတွက်ဘဲ quarantine ထားရှိဖို့ အချိန်ကာလကို အကောင်အထည်ဖော်နေ တယ်လို့လည်း ဆိုပါတယ်။ 

ဂျွန်ဆင်က သူ့အနေနဲ့ အိန္ဒိယလုပ် AstraZeneca COVID-19 ကာကွယ်ဆေး ထိုးထားပြီးသားသူတွေကို ကာကွယ်ဆေးပတ်စ်ပို့အစီအစဉ်ကနေ ဖယ်ထုတ်ဖို့ အကြောင်းမရှိဘူး လို့ ထင်မြင်ကြောင်းပြောပါတယ်။ 

ဥရောပသမဂ္ဂက အိန္ဒိယထုတ် ကာကွယ်ဆေးကို အစပိုင်းမှာ အသိအမှတ်မပြုခဲ့ပါဘူး။ ဗြိတိန်နိုင်ငံက လူပေါင်း ၅ သန်းလောက်ဟာ Covishield လို့ခေါ်တဲ့ အိန္ဒိယနိုင်ငံ Serum Institute မှ ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို ထိုးထားကြတာဖြစ်ပါတယ်။ 

နှစ်နိုင်ငံ အပြန်အလှန် ဆွေးနွေးမှုတွေအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ Merkel ကို ကမ္ဘာလုံးဆိုင်ရာ သံတမန်ရေးလုပ်ဆောင်မှုတွေနဲ့ အထူးသဖြင့် COVID-19 အပေါ် တုန့်ပြန်မှု အတွက် ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

12 hours Ago

March 31, 2020

ကိုဗစ်အရေးတွင် အစိုးရ၊ တပ်မတော်နှင့် ပြည်သူ ညီတူကြပါစို့-အယ်ဒီတာအာဘော်

ယခုအချိန်အခါတွင် ကိုဗစ် ၁၉ ရောဂါသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာကြီးတခုလုံးကို အကြီးအကျယ်ခြိမ်းခြောက်လျှက်ရှိသည်။ ကမ္ဘာတဝန်းလုံးတွင် မတ်လ ၃၁ ရက်အထိ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားသူ ၇၀၀,၀၀၀ ကျော် ရှိပြီး ၃၅,၀၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်သည်။  မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ အတည်ပြုလူနာ ၁၄ ဦးရှိလာပြီး မတ်လ ၃၁ ရက်တွင် သေဆုံးသူ တဦး ရှိနေပြီဖြစ်သည်။ ထိုင်း-မြန်မာနယ်စပ်က ပြန်လာသူ တဦးတွင် ကိုဗစ် ၁၉ ရောဂါ တွေ့ရှိသည်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကပ်ရောဂါကြီးအသွင်ဖြစ်ပွားနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်လိုက်သည်။ ယင်းသတိပေးချက်ထုတ်ပြန်ပြီး နောက်တရက်ဖြစ်သည့် မတ်လ ၃၀ ရက်တွင် သမ္မတ ဦးဝင်းမြင့်က  COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။ ကော်မတီတွင် ကာကွယ်ရေး နယ်စပ်ရေးရာ၊ ပြည်ထဲရေးဝန်ကြီးတို့အပြင် တပ်မတော်ဘက်မှ  ညှိနှိုင်းကွပ်ကဲရေးမှူးပါ ပါဝင်လာသည်။ ရောဂါပိုးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် တပ်မတော် ပါဝင်လာခြင်းဖြစ်သည်။ ယင်းမတိုင်ခင်ကလည်း တပ်မတော်က စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့်  ဘာသာပေါင်းစုံ ဝတ်ပြုဆုတောင်းသည့် နေရာများတွင် သွားရောက်ကာ ပိုးသတ်ဆေးဖျန်းခြင်းနှင့် သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေသည်ကို မြင်တွေ့ရသည်။  ယခုအသစ်ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည့် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်သည့် ၁၀ ဦးပါအရေးပေါ်ကော်မတီအနေဖြင့်  ရောဂါလက္ခဏာပြသူများကို မစောင့်ဆိုင်းဘဲ စုံစမ်းရှာဖွေရမည်ဖြစ်သည်။ အသွားအလာကန့်သတ် Quarantine လုပ်နိုင်ရေးဆောင်ရွက်ရမည်။ ထိုင်းနိုင်ငံနှင့် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများတွင် ကိုဗစ် ၁၉ ရောဂါကူးစက်သူများ တွေ့ရှိရပါက ၎င်းတို့နှင့် အနီးကပ်ထိတွေ့ခဲ့သူများကို စုံစမ်းရှာဖွေဖော်ထုတ်၍ Quarantine လုပ်နိုင်ရေးဆောင်ရွက်ရန် ကော်မတီ၌ တာဝန်ရှိသည်။  လိုအပ်သည့် ဆိုင်များ၊ ဆေးပစ္စည်းဆိုင်များ၊ စက်ရုံအလုပ်ရုံများ ဆက်ဖွင့်နိုင်ရန် လုံခြုံရေးပေးရန် လုပ်ဆောင်ရမည်။ ရောဂါ ဖြစ်ပွားမှု မြင့်တတ်လာသည့် ဒေသများတွင်  အတိအကျဆောင်ရွက်နိုင်ရေး ကြက်ခြေနီ၊ အရပ်ဖက်အဖွဲ့အစည်း ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရမည်။ သေဆုံးသည့်အခါ သင်္ဂြိုဟ်‌ရေးလုပ်ငန်းစဉ်များကို စနစ်တကျဆောင်ရွက်ရမည်။ အဆိုးဆုံးကို မျှော်မှန်းထားပြီး လိုအပ်သည့်  စားနပ်ရိက္ခာ ဆေးဝါး Facality များ၊ Test kits များ PPEမ ဝတ်စုံများ၊ ယာဉ်ယန္တရားများ၊ Quaratine ထားရန်နေရာများ ရှာဖွေဖြည့်ဆည်းထားရမည်။ စေတနာ့ဝန်ထမ်းများ  လုံလောက်စွာ စီစဉ်ထားရမည်။ ရည်ရွယ်ချက်နှင့် သတင်းမှားဖြန့်ဝေသူများ၊ ဆေးဝါးစားနပ်ရိက္ခာ လူသုံးကုန်ပစ္စည်းများ ရောင်းချရာတွင် အမြတ်ကြီးစားသူများ ကို အရေးယူရမည်။ ဒါ့ပြင်အရေးကြီးနေရာဌာနများ၊ အများပြည်သူနေရာဌာနများတွင် ပိုးသတ်ဆေးဖြန်းခြင်း၊ Physical Distance ထားခြင်း၊ အသိပညာဖြန့် ဝေခြင်း၊ လိုအပ်သည့်စည်းမျဉ်းများထုတ်ပြန်ခြင်း စသည်တို့ကို ရပ်ကွက်၊ ကျေးရွာနေပြည်သူများအဆင့်အထိ ကျယ်ပြန့်စွာ သိရှိလိုက်နာနိုင်ရေးတို့ကိုလည်း ကော်မတီက ဆောင်ရွက်ရမည်။ ကိုဗစ်၁၉ကို ရင်ဆိုင်ကျော်ဖြတ်ရန်ဖွဲ့စည်းလိုက်သည့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များကို စေ့စေ့စပ်စပ် ချထားပေးထားပြီး ကော်မတီအနေဖြင့်လည်း လျင်လျင်မြန်မြန် အကောင်အထည်ဖော်လုပ်ဆောင်မည်ဟု မျှော်လင့်ရသည်။ အထူးသဖြင့် မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်မှပြန်လာသည့် သောင်းနှင့်ချီသည့် ရွှေ့ပြောင်းအလုပ်သမားများ နိုင်ငံအတွင်း နေရာအနှံ့ ပျံ့နှံ့သွားခြင်းကို ပိုင်ပိုင်နိုင်နိုင် မကိုင်တွယ်နိုင်ခဲ့ခြင်းကို အမြန်ဆုံး ကုစားရန် အင်မတန်အရေးကြီးနေပြီဖြစ်သည်။ ယခုလို ရောဂါကပ်ဘေးကြုံနေရချိန်တွင် အစိုးရ ၊ တပ်မတော်နှင့် ပြည်သူတရပ်လုံးသည် နိုးကြားသည့်အသိ၊ သတိတို့ ကိုယ်စီရင်ဝယ်ထားပြီး ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲများကို ဘေးဖယ်ထားကာ  ကိုဗစ် ၁၉ ရောဂါကို ညီညီတူတူ ဝိုင်ဝန်းကာကွယ် ထိန်းချုပ်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်အပ်ပါသည်။    
1 year Ago
Up