close

ကိုဗစ်၏ထိန်းချုပ်ကန့်သတ်ချက်ကာလ

close

July 27, 2021

အင်ဒိုနီးရှားတွင် ကိုဗစ်-၁၉ ကပ်ဘေး ထိန်းချုပ်ကန့်သတ်ချက်ကာလ ထပ်တိုး

အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ဒယ်လ်တာ ဗီဇမျိုးကွဲ ကူးစက်ခံ အရေအတွက် ဆက်ပြီး တိုးလာနေလို့ ကပ်ဘေး ထိန်းချုပ်ကန့်သတ်ချက်ကို နောက်ထပ် သီတင်းပတ်တပတ် ဇူလိုင် ၂၆ ရက်ကစပြီး သက်တမ်းတိုးလိုက်ပါတယ်။

ဒါကြောင့် ဒေသခံတချို့က အကောင်အထည်ဖော်တဲ့ နည်းလမ်းနဲ့ ဆက်ပြီး ကန့်သတ်နေတာတွေကို စိုးရိမ်ကြောင်း ပြကြပါတယ်။

မြို့တော်ဂျကာတာမှာ လမ်းတွေကို ပိတ်ဆို့ထားပြီး အရာရှိတွေက မဖြစ်မနေ လုပ်သားတွေသာ လမ်းထွက်တာ သေချာစေရေး စာရွက်စာတမ်းတွေကို စစ်ဆေးနေကြပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ စာရွက်စာတမ်း မရနိုင်တဲ့ လုပ်သားတွေ စိတ်ပျက်ခဲ့ကြပါတယ်။

အင်ဒိုနီးရှားဟာ အာရှရဲ့ ကိုဗစ်-၁၉ ကပ်ဘေး ဗဟိုချက် ဖြစ်လာနေပြီး အထူးသဖြင့် လူနေသိပ်သည်းတဲ့ ဘာလီနဲ့ ဂျာဗားကျွန်းတွေပေါ်က ဆေးရုံတွေမှာ လူနာလက်ခံနိုင်စွမ်း ကုန်လာနေသလို အောက်ဆီဂျင် ဖြန့်ဖြူးမှုလည်း တဖြည်းဖြည်း ရှားပါးလာပါပြီ။ 

စုစုပေါင်း ကူးစက်ခံ အတည်ပြုလူနာဦးရေ ၃ ဒသမ ၁ သန်း ကျော်လာနေပေမယ့် သေဆုံးနှုန်းရော ကူးစက်နှုန်းပါ အမှန်တကယ် ဖြစ်နေတာကို ပြည့်မီအောင် မရေတွက်နိုင်ဘူးလို့ ကျန်းမာရေး ပညာရှင်တွေက ပြောပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကတော့ အစိုးရဟာ လေဟာပြင် စားသောက်ဆိုင်တွေနဲ့ ရိုးရာ ဈေးတွေကို ကန့်သတ်ချက်တချို့နဲ့ ပြန်ဖွင့်ခွင့်ပြုမယ် တချို့ကန့်သတ်ချက်တွေကို ဖြည်းဖြည်းချင်း ပြန်ထိန်းညှိပေးမယ်လို့ ပြောပါတယ်။ အလှပြင်ဆိုင်တွေနဲ့ ကားပြင်ဆိုင်တွေကိုလည်း ပြန်ဖွင့်ဖို့ ခွင့်ပြု ထားပါတယ်။

လူဦးရေ သန်း ၂၇၀ ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ လူဦးရေရဲ့ ၇ ရာခိုင်နှုန်းအောက်သာ ကာကွယ်ဆေး အပြည့်ထိုးပြီးပါသေးတယ်။

အင်ဒိုနီးရှားဟာ တရုတ်လုပ် စီနိုဗက်ကာကွယ်ဆေး ထိုးဆေးကိုသာ အဓိက အားကိုး နေရပါတယ်။ 

ခုတော့ စေတနာ့ဝန်ထမ်း ပြည်သူအုပ်စုတွေက အောက်ဆီဂျင်အိုးတွေကို အခမဲ့ ငှားရမ်းပေးရင်း ပြည်သူကနေ ပြည်သူဆီ ကူညီနေကြတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

1 hour Ago
Up