close

ကိုဗစ် ကာကွယ်ဆေးလက်မှတ်

close

October 13, 2022

ကလေးမြို့တွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်ကာကွယ်ဆေးလက်မှတ်များ ရောင်းစားပြီး ငွေရှာနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ထမ်းတွေက ကိုဗစ်ကာကွယ်ဆေးလက်မှတ် တစောင်ကို မြန်မာငွေ ၂၅,၀၀၀ ကျပ်နှုန်းနဲ့ ရောင်းစားနေတယ်လို့ ကိုဗစ်ကာကွယ်ဆေးလက်မှတ် ဝယ်ယူခဲ့သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ကာကွယ်ဆေးလက်မှတ်ပါရင် ခရီးသွားလို့ရပြီဆိုလို့ အသိတွေကနေတဆင့် စုံစမ်းပြီး ဝယ်ယူခဲ့တာ။ လက်မှတ်တစောင်ကို ၂၅,၀၀၀ ပေးခဲ့ရတယ်။ အဲ့ဒီ ကိုဗစ်ကာကွယ်ဆေးလက်မှတ်ပါလို့ ကိုဗစ်စစ်စရာ မလိုတော့ဘူး။ လေယာဉ်မတက်ခင် လေယာဉ်ကွင်းမှာ မှတ်ပုံတင်၊ လေယာဉ်လက်မှတ်နဲ့ ကိုဗစ်ကာကွယ်ဆေးလက်မှတ် ပြလိုက်ရုံပဲ။”

ခရီးသွား လေယာဉ်စီးရင် အရင်လို ကိုဗစ်‌စစ်စရာမလိုဘဲ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးထားတဲ့ လက်မှတ်ပါရင် ခရီးသွားလို့ရပြီလို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနတွေက ပြီးခဲ့တဲ့မေလမှာ ထုတ်ပြန်ထားတာပါ။

ကိုဗစ်ကာကွယ်ဆေးလက်မှတ်တွေ အောက်ဈေးနဲ့ ခိုးရောင်းနေတာဟာ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ မလုပ်သင့်ကြောင်း၊ အမှန်တကယ် ကိုဗစ်ရှိတဲ့သူတွေ ခရီးသွား လေယာဉ်စီးမိခဲ့ရင် ခရီးသည်တွေအနေနဲ့ ကူးစက်ခံရနိုင်တယ်လို့ ကလေးမြို့ခံတယောက်က‌ ဝေဖန်ပြောဆိုလိုက်ပါတယ်။

မြို့ပေါ်မှာလည်း စစ်‌ကောင်စီလက်‌အောက်ခံ ဌာနဆိုင်ရာရုံးတွေနဲ့ မြို့တော်ခန်းမမှာ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းက စစ်ကောင်စီတပ်သားတွေ၊ အ‌ထွေထွေအုပ်ချုပ်ရေးရုံးက ဝန်ထမ်းတွေနဲ့ Non CDM ဆရာမတွေ ပူးပေါင်းပြီး မြို့ဝင်မြို့ထွက်က စစ်ဆေးရေးဂိတ်တွေ၊ မြို့မ‌ဈေးနဲ့ အများပြည်သူသွားလာရာ လမ်းတွေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားတဲ့ လက်မှတ်မပါရင် စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားလာခွင့်မပြုဘဲ စစ်ဆေးရေးဂိတ်တွေမှာ ခရီးသွားပြည်သူတွေနဲ့ ဒေသခံပြည်သူတွေကို လက်နက်‌တွေနဲ့ ခြိမ်း‌ခြောက်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးခဲ့ပါသေးတယ်။

လက်ရှိမှာတော့ ကလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ကလေး PDF တပ်ဖွဲ့ဝင်တွေကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်သားတွေဟာ မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်တွေပါမက မြို့ထဲမှာလည်း ရှောင်တခင် စစ်ဆေးနေပြီး ဒေသခံပြည်သူတွေကို စစ်‌ဆေး ဖမ်းဆီးနေတာတွေလည်း ရှိပါတယ်။

13 mins Ago
Up