ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းအစိုးရက ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ဆေးကို ဩဂုတ် ၁၇ ရက် ဒီကနေ့မနက်မှာ ပထမဆုံးအကြိမ်အဖြစ် စတင်ထိုးပေးနေပါတယ်။
မဲဆောက်မြို့ အာရှလမ်းမကြီးပေါ်ရှိ ရော်ဘင်ဆန်ကုန်တိုက်နားမှာ မနက် ၈ နာရီခွဲမှ ညနေ ၅ နာရီထိ ထိုးနှံပေးမှာဖြစ်တယ်လို့ အဆိုပါနေရာကို သွားရောက်ကြည့်ရှုခဲ့သူ မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။
“ဒီနေ့ကတော့ ကျနော်တို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပထမဆုံး ကာကွယ်ဆေးစထိုးရတဲ့ နေ့ပေါ့ခင်ဗျာ၊ ကျနော်သွားကြည့်တဲ့အချိန် လူကတော့သိပ်မများပါဘူး။ တစ်ဦးနဲ့ တစ်ဦးလည်း ၆ ပေခွာခွာတန်းစီနေကြတယ်၊ ဒီမတိုင်ခင် နာမည်ကြိုပေးထားတဲ့သူတွေကို ထိုးပေးနေတာပါခင်ဗျ၊ စက်ရုံဆိုလည်း စက်ရုံအလိုက်၊ အဖွဲ့အစည်းက ဆိုရင်လည်းအဖွဲ့အလိုက် စာရင်းပေးထားသူတွေပေါ့။ တနေ့ကို ၂၀၀ ကနေ ၃၀၀ ထိ ထိုးပေးမယ်လို့ သိရတယ်။”
ကာကွယ်ဆေးထိုးခွင့်ရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံမှာ တရားဝင် နေထိုင်ခွင့်အထောက်အထားပြည့်စုံ သူတွေဖြစ်ကြပါတယ်။ ဒါပေမဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက်ထိုးနှံပေးတဲ့ တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေးအပေါ် ယုံကြည်မှုနည်းနေတာကြောင့် ရာခိုင်နှုန်းအနည်းငယ်သာ ထိုးနှံလိမ့်မယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။
မဲဆောက်မြို့နယ်မှာ မနေ့က ကိုဗစ်-၁၉ ကူးစက်ခံရသူ လူနာသစ် နောက်ထပ် ၉၄ ဦးရှိပြီး ၊ ဇွန်လ ၁ ရက်မှ ဩဂုတ် ၁၆ ရက်ထိ ကိုဗစ် - ၁၉ ကူးစက်ခံရသူစုစုပေါင်း ၃၃၈၂ ဦးရှိပါတယ်။ မဲဆောက်ဆေးရုံကြီးမှာ ၅၀၁ ဦး၊ ပုဂ္ဂလိကဆေး ရုံတွေမှာ ၁၃၀ ဦး၊ ယာယီဖွင့်လှစ်ထားတဲ့ ဆေးရုံမှာ ၂၈၅ ဦးကုသနေပြီး ရောဂါမပြင်းထန်ဘဲ စက်ရုံအလုပ်ရုံတွေမှာ ကွာရန်တင်းဝင်နေရသူ ၅၆၆ ဦးရှိတယ်လို့ မဲဆောက်ဆေးရုံကြီးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။