မလေးရှားနိုင်ငံက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးတဲ့ ဌာနတခုကို ပိတ်ဖို့ ဇူလိုင် ၁၃ ရက်က အမိန့် ထုတ်ခဲ့ပါတယ်။
သီတင်းပတ်ကုန်ရက်က အဲဒီဌာနမှာ လုပ်အားပေးနဲ့ ဝန်ထမ်း အယောက် ၂၀၀ ကျော် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံခဲ့ရလို့ သန့်ရှင်းရေးလုပ်ဖို့ ပိတ်ခိုင်းခဲ့တာလို့ မလေးရှား သိပ္ပံဝန်ကြီး က ပြောပါတယ်။
ကွာလာလမ်ပူ မြို့တော်အပြင်ဘက် ၁၅မိုင်ခွဲရှိ ကာကွယ်ဆေးထိုးဌာနမှာ ဇူလိုင် ၉ ရက်ကနေ ၁၂ ရက်အတွင်း ကာကွယ်ဆေးထိုးခဲ့တဲ့သူတွေဟာ ဆယ်ရက်ကြာ သီးခြား ခွဲနေကြဖို့ အကြံပြု ထားတယ်လို့ ဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။
ဒီဌာနဟာ နေ့စဉ် ကာကွယ်ဆေးထိုးဆေး အလုံး ၃၀၀၀ ထိုးပေးနိုင်စွမ်း ရှိပါတယ်။ လုပ်အားပေးနဲ့ အလုပ်သမား ၄၅၃ ယောက်ကို စစ်ဆေးရာမှာ ၂၀၄ ယောက် ကူးစက်ခံ ထားရတာ တွေ့ရတယ်လို့ ဝန်ကြီးက ပြောပါတယ်။
ပိုးသတ် သန့်ရှင်းရေးလုပ်အပြီး ဝန်ထမ်းတွေကို ပြောင်းပြီးရင် ဇူလိုင် ၁၄ ရက်က စပြီး ဒီဌာနမှာ ကာကွယ်ဆေး ပြန်ထိုးပေးမယ်လို့ ဝန်ကြီးက ပြောခဲ့ပါတယ်။
မလေးရှားမှာ မနေ့က တရက်တည်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အသစ် ၁၁၀၇၉ ယောက် ရှိခဲ့ပြီး ကပ်ဘေးစတည်းက ခုထိ တရက်တည်းမှာ အများဆုံး စံချိန်တင် ကူးစက်ခံခဲ့ရတာလည်း ဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။