close

ကိုဗစ်-၁၉ ကာကွယ်ရန်

close

July 22, 2021

ဘိုကလေးမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ရန် ဆိုင်ကယ်တစ်စီး ၂ ယောက် စီးပါက ဖမ်းမည်

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့မှာ ဇူလိုင် ၂၁ ရက်ကစတင်ပြီး ကိုဗစ်-၁၉ ကာကွယ်ရေးအတွက်  မြို့တွင်း ဆိုင်ကယ်တစ်စီးကို   နှစ်ယောက်စီးပါက ဆိုင်ကယ်သိမ်းမယ့် အပြင် လူကိုပါ ဖမ်းဆီးအရေးယူမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်နေပါတယ်။ 

ဘိုကလေးမြို့မှာ   ဇူလိုင် ၂၁ ရက်ကစတင်ပြီး မနက် ၄ နာရီမှ  မနက် ၁၀ နာရီအထိသာ အိမ်ပြင်ပသို့ သွားခွင့်ပြုထားပြီး သွားလာရာမှာ  ဆိုင်ကယ်အား ၂ ယောက် စီးပါက ဆိုင်ကယ်သိမ်းဆည်းကာ လူကိုပါဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်းစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပြောဆိုနေတယ်လို့  ဒေသခံတွေထံကသိရပါတယ်။

ဘိုကလေးမြို့အတွင်း လူစည်ကားရာ နေရာတွေဖြစ်တဲ့ မြို့မစျေးအနီး  ဘောလုံးကွင်း စူပါဘွိုင်းထောင့်နဲ့ တတိယလမ်းမှာ  ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးတားဆီးနေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

"ဆိုင်ကယ်နှစ်ယောက်စီးရင် ဖမ်းမယ်လို့ ပြောတယ်။ ဘယ်လိုတွေလဲမသိဘူး။ ဘောလုံးကွင်းနားမှာဖမ်းနေတယ်။ ဆိုင်ကယ်နှစ်ယောက်စီးလို့ ဖမ်းတယ်ဆိုတာ တစ်ခါမှမကြားဖူးဘူး"။

ဆိုင်ကယ်တားဆီးခံရသူ အမျိုးသမီးတစ်ဦးကလည်း  "ဆိုင်ကယ်နဲ့ မြို့ထဲထွက်တုန်း မြို့မစျေးနားမှာ အတားခံရတယ်။ သူတို့ပြောချင်တာကတော့ တစ်အိမ်ကို နှစ်ယောက်မထွက်ဖို့ ပြောတယ်။ ထွက်ရင် လူကိုလည်းဖမ်းမယ်။ ဆိုင်ကယ်လည်းသိမ်းမယ်လို့ ထပ်ခါထပ်ခါ ပြောတယ်။  ယူနီဖောင်းဝတ်တဲ့သူကော အရပ်ဝတ်နဲ့ကော အားလုံးပေါင်း ၁၀ ယောက်လောက်ရှိမယ်" လို့ ပြောပါတယ်။

ဘိုကလေးမြို့မှာ ဇူလိုင် ၁၇ ရက်မှ ဇူလိုင် ၂၅ ရက်နေ့ထိ  Stay at Home အိမ်မှာပဲ နေထိုင်ကြဖို့ အမိန့်ထုတ်ပြန်ထားတာပါ။

ဇူလိုင် ၂၁ ရက် မနက် ၄ နာရီ မနက်  ၁၀ နာရီထိသာ နေအိမ်ပြင်ပသို့ ထွက်ခွာခွင့်ပြုတဲ့ အကြောင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဇူလိုင် ၂၀ ရက် ညပိုင်းက မြို့တွင်းမှာ အသံချဲ့စက်နဲ့ လိုက်လံအသိပေးခဲ့ ပါတယ်။

21 seconds Ago

June 4, 2020

လမ်း၊ အဆောက်အအုံနှင့် လူကိုယ်ပေါ် ပိုးသတ်ဆေးဖျန်းခြင်း ကိုဗစ်-၁၉ ကာကွယ်ရန် မထိရောက်

လမ်းတွေ၊ အဆောက်အအုံတွေနဲ့ လူကိုယ်ပေါ်ကို ပိုးသတ်ဆေးဖျန်းတာဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဖို့ ဘာမှမထိရောက်တဲ့အပြင် ဆိုးကျိုးတွေပဲ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လမ်းညွှန်ချက်အရ အဲဒီနေရာတွေမှာ ပိုးသတ်သန့်စင်ဆေးရည်ကို ဖျန်းတာ ဒါမှမဟုတ် အငွေ့ပုံစံမှုတ်တာတွေကြောင့် ကိုရိုနာဗိုင်းရပ်စ်ပိုးကို ထိထိရောက်ရောက် သတ်ပေးနိုင်တယ်ဆိုတဲ့ တိကျတဲ့အထောက်အထားတွေ မတွေ့ရဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာရဲ့ ထုတ်ပြန်ချက်အရ လူအများအသုံးပြုတဲ့ စင်္ကြန်လျှောက်လမ်း၊ ကွန်ကရိခင်းမထားတဲ့လမ်း၊ လှေကားတို့မှာ ပိုးသတ်ဆေးဖျန်းတာဟာ မထိရောက်တဲ့အပြင် သတ္တုပစ္စည်းတွေကို လောင်တာ၊ ရေနေ သတ္တဝါတွေကို ပျက်စီးစေတာကြောင့် လူအများရဲ့ ကျန်းမာရေးကိုတောင် အန္တရာယ်ဖြစ်စေတယ်လို့ ဆိုပါတယ်။ ကိုဗစ်-၁၉ လူနာတွေ မြန်မာနိုင်ငံမှာတွေ့ပြီးနောက်ပိုင်း မြို့တော်တော်များများမှာ ဒီလို ပိုးသတ်ဆေးဖြန်းတာ၊ မှုတ်တာတွေကို ပြုလုပ်နေကြတာပါ။ တချို့နေရာတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေဦးဆောင်ပြီး လုပ်ကြသလို၊ အုပ်ချုပ်ရေးအဖွဲ့တွေ၊ တပ်မတော်၊  မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအဖွဲ့တွေကလည်း လမ်းတွေ၊ အဆောက်အအုံတွေ၊ quarantineစင်တာတွေ၊ ဘုန်းကြီးကျောင်းတွေမှာ  ပိုးသတ်ဆေးလိုက်ဖျန်းနေတာ  တွေ့ရပါတယ်။ ဒါ့အပြင် ပိုးသတ်ဆေးဖျန်းတဲ့ အခန်းတွေလုပ်ပြီး လူကိုယ်ပေါ်ကို ကလိုရင်းနဲ့ ကလိုရင်းကွန်ပေါင်းပါဝင်တဲ့ ပိုးသတ်သန့်စင်ဆေးရည် ဒါမှမဟုတ် တခြားဓာတုဆေးရည် အပျော့စားတွေ ဖျန်းတာကလည်း လုံးဝ မလုပ်သင့်ဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီလိုဆေးဖျန်းတဲ့အတွက် အရေပြားထိခိုက်စေတာ၊ မျက်စိထိခိုက်စေတာ၊ ပါးစပ်ထဲကို ဝင်မယ်ဆိုရင် အာခေါင်၊ ခံတွင်းစတာတွေ  ထိခိုက်ပျက်စီးတာနဲ့ အငွေ့ကို ရှူရှိက်မိရင် အသက်ရှူလမ်းကြောင်း ထိခိုက်စေတာ၊ စိတ်အနှောင့်အယှက်ဖြစ်စေတာတွေ ဖြစ်မယ်လို့ ဆိုပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးပါတဲ့ အစက်အမှုန်တွေဟာ လူအများထိတွေ့မှုများတဲ့ ပစ္စည်းတွေ၊ မျက်နှာပြင်တွေမှာ ကျရောက်နိုင်တာကြောင့် အဲဒီနေရာတွေကို ပိုးသတ် သန့်စင်ရာမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ဆေးချိန် မှန်မှန်ကန်ကန် ဖော်စပ်ထားတဲ့ ကလိုရင်း ဒါမှမဟုတ် Alcohol ကိုအခြေခံတဲ့ ဆေးရည်ဆွတ်ထားတဲ့ အဝတ်ကိုသုံးပြီး အနည်းဆုံး ၁ မိနစ်လောက် ပွတ်တိုက်တာက မှန်ကန်တဲ့နည်းလမ်းဖြစ်တယ်လို့ ဆိုပါတယ်။
1 year Ago
Up