မြန်မာပြည်တွင်း ၂၀၂၁ စက်တင်ဘာနဲ့ အောက်တိုဘာ ဆန်းပိုင်းအတွင်း ကိုဗစ်-၁၉ ကူးစက်သူဦးရေ အများဆုံးမှာ ရှမ်းပြည်နယ်က ဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကဆိုရင် ရက်ပေါင်း ၃၀ အတွင်း ၂၉ ရက်မှာ ရှမ်းပြည်နယ်က အမှတ်စဉ် ၁ နဲ့ အများဆုံးဖြစ်နေပြီး စက်တင်ဘာ ၁ ရက်တည်းမှာသာ မကွေးတိုင်းက အများဆုံးဖြစ်ကာ ရှမ်းပြည်နယ်က ဒုတိယအများဆုံး ဖြစ်ပါတယ်။
အောက်တိုဘာ ၁ ရက်မှ ၄ ရက်ထိမှာလည်း ရှမ်းပြည်နယ်က နံပါတ် ၁ အဆင့်မှာ နေ့စဉ်ရှိနေပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေအရ စက်တင်ဘာလထဲမှာ ရှမ်းပြည်နယ်က ကိုဗစ် ၁၉ ပိုးတွေ့လူနာပေါင်း ၁၆၉၁၈ ဦး နဲ့ အောက်တိုဘာလတွင်း ၄ ရက်တာကာလမှာ ၂၃၁၈ ဦး ရှိပါတယ်။
အဲဒီထဲမှာ ပိုးတွေ့မှုအများဆုံးကတော့ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်ကဖြစ်ပြီး စက်တင်ဘာလထဲမှာ ၇၄၀ ဦး၊ အောက်တိုဘာလ ၄ ရက်တွင်း ၂၄၆ ဦးရှိပါတယ်။
ကျိုင်းတုံမြို့နယ် ကိုဗစ်-၁၉ လူနာနဲ့ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတ အသင်းဝင်တစ်ဦး (မောင်မောင်နိုင်-ကျိုင်းတုံ) ကတော့ ကျိုင်းတုံမြို့ရဲ့ ကိုဗစ်-၁၉ တတိယလှိုင်း ၅/၁၀/၂၀၂၁ အထိ အတည်ပြုလူနာပေါင်း ၄၂၄၃ ဦး၊ ဆေးရုံဆင်းသူပေါင်း ၃၄၁၃ ဦး၊ သေဆုံးသူ ၇၈ ဦးနဲ့ ကုသဆဲ ၇၅၂ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။
အောက်တိုဘာ ၅ ရက်မှာ ၅၄၀ ဦးဆေးစစ်တဲ့အနက် ၇၅ ဦး ပိုးတွေ့၊ သေဆုံးသူ ၂ ဦးရှိပြီး အောက်တိုဘာ ၄ ရက်နေ့မှာတော့ အတည်ပြုလူနာသစ် ၁၅၅ ဦး တွေ့ရှိတယ်လို့ ဖော်ပြထားတာကြောင့် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်နဲ့ ၃ ဆကွာဟနေပါတယ်။
ရှမ်းပြည်နယ်တစ်ခုလုံးရဲ့ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်နယ်ကုသရေး စင်တာတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းပေမယ့် တာဝန်ယူဖြေကြားပေးမယ့်သူမရှိပါဘူး။ ကိုးကား - https://www.facebook.com/mmnktg.kyinetong
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ လက်ရှိ မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ဆောင်ရွက်နိုင်စွမ်းမရှိဘူးဆိုရင် အာဏာစွန့်လိုက်ရန် NUG ပြည်ထောင်စု ဝန်ကြီးက ဦးမိုးဇော်ဦးက ပြောကြားလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက ဇူလိုင် ၂၅ ရက်နေ့က ပြုလုပ်တဲ့ အစိုးရသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကပ်ဘေးကို ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပြီး ထိန်းချုပ်ရမှာဖြစ်တာကြောင့် ပြည်သူလူထုယုံကြည်ရတဲ့ အစိုးရကသာ ဖြေရှင်းကျော်လွှားနိုင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတော်ခေါင်းဆောင်ပိုင်းတွေနဲ့ ပတ်သက်ပြီး ထွက်လာတဲ့သတင်းတွေ အကျဉ်းထောင်ထဲက အခြေအနေတွေကို အတည်ပြုနိုင်ခြင်းမရှိသလို အာဏာသိမ်းစစ်ကောင်စီက သတင်းမှန်ထုတ်ပြန်မှုမရှိတာက လူသားတွေရဲ့အခွင့်အရေးကို ချိုးဖောက်ပြီး ရာဇဝတ်မှုကိုကျူးလွန်နေတာဖြစ်တယ်လို့လည်း ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာပြည်သူတွေကို မကြာခင် ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ စတင်ထိုးနှံပေးတော့မယ်လို့ ပညာရေးကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဇူလိုင် ၂၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီနှစ်ထဲမကုန်ခင်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြန်မာလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်း ထိုးပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၇၀,၀၀၀ နီးပါးနဲ့ သေဆုံးသူပေါင်း ၇,၀၀၀ ကျော်ရှိလာခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၅ ရက်ညမှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၂,၄၇၄ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၄,၉၉၈ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၄၀ ရာခိုင်နှုန်းကျော် ရှိပြီး တရက်တည်းသေဆုံးသူအရေအတွက်ကတော့ ၃၅၅ ယောက် ရှိပါတယ်။