close

ကိုဗစ်-၁၉ မျိုးဗီဇကွဲ

close

September 1, 2021

မြန်မာတွင် ကိုဗစ်-၁၉ မျိုးကွဲဗီဇသစ် Delta မျိုးစိတ် ကူးစက်ခံရသူ ၁၅ ဦးတွေ့

အထူးဂရုစိုက်ရမယ့် ကိုဗစ်-၁၉ မျိုးကွဲဗီဇသစ် Delta မျိုးစိတ် ကူးစက်ခံရတဲ့ လူနာ ၁၅ ယောက် မြန်မာနိုင်ငံမှာ တွေ့ထားတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

ဩဂုတ် ၂၈ ရက်နေ့ စစ်ဆေးချက်အရ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ စစ်တွေ၊ တောင်ငူ၊ လားရှိုး၊ မော်လမြိုင်၊ မုံရွာနဲ့ ကလေးမြို့တို့က လူနာတွေမှာ တွေ့ခဲ့ရတာပါ။

ကျန်းမာရေးဝန်ကြီးဌာနဟာ မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး စောင့်ကြပ်ကြည့်ရှုတာကို ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနတပ်နဲ့ ပူးပေါင်း လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

နေပြည်တော်က ၅ ယောက်၊ ရန်ကုန်နဲ့ မန္တလေးက ၂ ယောက်စီ၊ စစ်တွေ၊ တောင်ငူ၊ လားရှိုး၊ မော်လမြိုင်၊ မုံရွာနဲ့ ကလေးမြို့တို့က ၁ ယောက်စီမှာ အထူးဂရုစိုက်ရမဲ့ Delta မျိုးစိတ်ကို တွေ့ခဲ့ရတာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ Delta မျိုးစိတ်ကို အိန္ဒိယနိုင်ငံမှာ စတင်တွေ့ရပြီး လက်ရှိ ၁၆၃ နိုင်ငံမှာ ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။

ဒီမျိုးစိတ်ဟာ ရောဂါကူးစက်နိုင်တာနဲ့ ပြင်းထန်တာ မြင့်မားလို့ သေဆုံးနိုင်ခြေမြင့်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တချို့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေရဲ့ အကျိုးအာနိသင်ကိုလည်း နည်းနည်း လျော့ကျစေနိုင်တယ် လို့ ဆိုပါတယ်။

1 min Ago

June 16, 2021

မြန်မာနိုင်ငံတွင် မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုးတွေ့ရှိ

မြန်မာနိုင်ငံမှာ   မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုး စစ်ဆေးတွေ့ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်မှာ ကြေညာပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ပိုးတွေ့ရှိသူ ၁၁ ဦးရှိကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အဆိုပါ ၁၁ ဦးကတော့ ကလေးမြို့မှာ ၁ ဦး၊ မြိတ်မြို့မှာ ၃ ဦး၊  မန္တလေးမှာ ၄ ဦး၊ တမူးမြို့မှာ ၂ ဦးနဲ့ ရန်ကုန်မှာ  ပြည်ပပြန် ၁ ဦးမှာ တွေ့ရတာလို့ ဆိုပါတယ်။

စစ်ဆေးချက်တွေအရ  မျိုးရိုးဗီဇပြောင်းလဲတဲ့  Strain တွေ့ရှိမှုအနေနဲ့  Variants of Concern ဖြစ်တဲ့  Alpha ၂ ဦး၊ Delta ၅ ဦး၊ Variants of Interest ဖြစ်တဲ့  Kappa ၄ ဦးတို့ ဖြစ်ကြပြီး အဆိုပါပိုးတွေကို အဓိကမူလတွေ့ရှိတဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ အိုင်ယာလန်နဲ့  ဆွစ်ဇာလန်နိုင်ငံတို့ဖြစ်ပါတယ်။ 

Alpha နဲ့ Delta အမျိုးအစားဟာ ရောဂါပိုးကူးစက်နိုင်မှုနဲ့ ထပ်မံကူးစက်ပျံ့နှံ့နိုင်မှု ပိုမိုမြင့်မားကြောင်း တွေ့ရှိရပြီး ရောဂါပြင်းထန်မှုအနေဖြင့် ဆေးရုံတက်ရောက်နိုင်ခြေနဲ့ သေဆုံးနိုင်ခြေ မြင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သုံးသပ်ထားသလို  ကာကွယ်ဆေးတချို့ အကျိုးအာနိသင် အားအနည်းငယ် လျော့နည်းနိုင်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ ဇွန်လ ၁၅ ရက်က ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၂၂၅ ယောက် ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၁၄၆,၀၅၁ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၃,၁၉၉ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၂၂၅ ယောက် တွေ့ရှိခဲ့ရပြီး သေဆုံးသူ စုစုပေါင်းကတော့ ၃,၂၄၈ ယောက် ရှိခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

3 months Ago
Up