close

ကိုဗစ်-၁၉ ရောဂါပိုးရှိသူ

close

August 27, 2022

ဝမ်တိန်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူတွေ့သဖြင့် နယ်စပ်တံတားနှင့်ဂိတ် ပိတ်

မြန်မာ - တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်၊  ဝမ်တိန်မှာ ဩဂုတ် ၂၅ ညနေက ကိုဗစ်-၁၉ ရောဂါပိုးရှိသူ  တယောက်တွေ့လို့ ရွှေလီ-ဝမ်တိန်တံတားနဲ့ ဝမ်တိန်ရှိ စစ်ဆေးရေးဂိတ်တွေကို ယာယီပိတ်ထားတယ်လို့  နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ 

ရွှေလီမြို့နေ မြန်မာကုန်သည် တဦးက  "​ဝမ်တိန်က ​ခေါက်ဆွဲဆိုင်မှာ ​ရောဂါပိုးတွေ့လို့ ဝမ်တိန် ခဏ ပိတ်လိုက်ပြီ" လို့ ပြောပါတယ်။ 

ပိုးတွေ့တဲ့ ရပ်ကွက်ကို လော့​ဒေါင်းချထားပြီး ရွှေလီ-ဝမ်တိန်တံတားကိုလည်း ယာယီပိတ်ထားကာ ဝမ်တိန်ထဲ ရောက်ပြီးသား ကုန်ကားတွေကို နယ်စပ်ဂိတ်ပေါက်ကနေ ပုံမှန်ထွက်ခွင့်ပြုတယ်လို့ မြန်မာနိုင်ငံသား ကုန်စည်သယ်ယူပို့ဆောင်ရေးဂိတ်ပိုင် တဦးက ပြောပါတယ်။

ဩဂုတ် ၂၇၊ ၂၈ ရက်တွေမှာ ဆေးစစ်ပြီး အခြေအနေကောင်းရင် ရွှေလီ-ဝမ်တိန်တံတား ပြန်ဖွင့်မှာ ဖြစ်ပြီး ကျင်စန်းကျော့ - ဝမ်တိန်နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်တော့ ပုံမှန် အဝင်အထွက် ရှိတယ်လို့  သူက ဆက်ပြောပါတယ်။

"၃ ရက် စစ်​ဆေးမယ်လို့ ​ပြောတယ်။ ဝမ်တိန်မှာ​ပေါ့​နော်။ အ​ခြေအ​နေက မလွယ်ဘူး။ တရုတ်ပြည် က တအားစိတ်ညစ်ဖို့ ​ကောင်းတာ။ ​ရောဂါက အဲဒီ​လောက် မဟုတ်ဘူး။ ဝန်ထမ်း​တွေက အလုပ် ပြုတ်မှာ​​ကြောက်လို့​။ ကျင်စန်းကျော့ဂိတ် မပိတ်ဘူး။ ဝမ်တိန်ပဲ ပိတ်တာ။" လို့ မြန်မာပို့ကုန် လုပ်ငန်းရှင် တဦး က ပြောပါတယ်။ 

ဩဂုတ် ၂၅ ရက်ညနေပိုင်းက ကိုဗစ်ရောဂါပိုးကူးစက်ခံရသူကို တွေ့ပြီးနောက် သြဂုတ် ၂၆ ရက်‌ကစပြီး ဝမ်တိန် အဝေးပြေးစစ်ဆေးရေးဂိတ်၊ Jiangqiao  စစ်ဆေးရေးဂိတ်နဲ့ Heishanmen စစ်ဆေးရေးဂိတ်တွေကတဆင့် ကုန်တင်ကားတွေ အဝင်အထွက်ကို ရပ်ဆိုင်းမယ်လို့ ဂိတ်တာဝန်ရှိသူတွေက လူမှုကွန်ယက်ကနေ အသိပေးထား တယ်လို့ ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

လက်ရှိ ဝမ်တိန်ထဲ မလိုအပ်ရင် အပြင်မထွက်ဖို့၊ လက်ပုံမှန်ဆေးဖို့၊ အပြင်ထွက်ရင် mask နဲ့ spray အဆင်သင့် ပြင်ထားဖို့၊ ကိုဗစ်ပြန်ဖြစ်လာပြီး ဖျားနာသူတွေ များလာလို့ တားမြစ်ထားတဲ့ ကြားက အပြင်ထွက်ပြီး ကိုဗစ်ကူးစက်တာတွေဖြစ်လာပါက ကွာရန်တင်းဝင်ရမှာ ဖြစ်ကာ မိမိဘာသာ တာဝန်ယူဖို့နဲ့  ကိုဗစ် ဥပဒေအရ အရေးယူခံရမယ်လို့ အသိပေးကြေညာပါတယ်။ 

တရုတ်ဘက် ဝမ်တိန်နဲ့  မြန်မာဘက် ကျင်စန်းကျော့တို့ ထိစပ်နေပြီး လက်ရှိ တရုတ် - မြန်မာ နှစ်နိုင်ငံနယ်စပ် အဓိက ကုန်သွယ်ရာ နေရာ တနေရာ ဖြစ်တာကြောင် နယ်စပ် ကုန်သွယ်ရေးကို မှီခို နေကြရသူတွေက ရောဂါအခြေအနေ ဆိုးလာကာ နှစ်နိုင်ငံ ကုန်သွယ်မှုကို ထိခိုက်လာမှာ စိုးရိမ် နေကြပါတယ်။ 

ပြီးခဲ့တဲ့ နှစ်ကလည်း ကိုဗစ်ကပ်ရောဂါကြောင့် နှစ်နိုင်ကုန်သွယ်ရာ ဂိတ်တွေကို နှစ်ချီ ပိတ်ခဲ့တာ ဖြစ်ပြီး ကျင်စန်းကျော့ - ဝမ်တိန်ဂိတ်ကိုသာ ၂၀၂၁ နှစ်ကုန်ပိုင်းမှ ခေါက်တို ယာဉ်မောင်း အစား ထိုး စနစ်နဲ့  ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။

2 mins Ago
Up