မွန်ပြည်နယ်၊ မော်လမြိုင် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းက ၁၀ တန်းကျောင်းသူ တစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့တယ်လို့ ကိုဗစ် အရေးကူညီနေသူတွေက ပြောပါတယ်။
အဲဒီကျောင်းသူမှာ ကိုဗစ်ရောဂါ လက္ခဏာတွေ့ရှိခဲ့လို့ ရောဂါပိုး ရှိ မရှိ စစ်ဆေးရာမှ ဇွန်လ ၁၅ ရက်နေ့ရောဂါပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ရောဂါပိုး တွေ့ရှိခဲ့တဲ့အတွက်ကြောင့် မိသားစုဝင်တွေကို ကိုဗစ်ရောဂါပိုး ရှိ မရှိ စစ်ဆေးရာမှာ အဘိုးဖြစ်သူမှာလည်း ရောဂါပိုး ထပ်မံ တွေ့ရှိခဲ့တာပါ။
အဆိုပါ ၁၀ တန်းကျောင်းသူမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့လို့ သူရဲ့ ထိစပ်ခဲ့တဲ့ ဆရာမတွေနဲ့ အတန်းဖော် ကျောင်းသား ကျောင်းသူ ၃၅ ဦးကိုလည်း ရောဂါပိုး စစ်ဆေးသွားဖို့ ရှိနေပါတယ်။
မွန်ပြည်နယ်မှာတော့ ဇွန်လ ၁၅ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၃၃ ဦး ထိ ရှိလာခဲ့တာ ဖြစ်ပြီး အဲဒီထဲမှာ ၃ ဦး သေဆုံးထားပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဇွန်လ ၁၃ ရက်က ကိုဗစ်-၁၉ ရောဂါနဲ့ ဒေသခံ ၄ ဦး ထပ်မံ သေဆုံးသွားပါတယ်။
မနေ့ နေ့လည်ပိုင်းက ကလေးပြည်သူ့ဆေးရုံကြီးမှာ ၂ ယောက်သေဆုံးပြီး တောင်ဇလပ်နယ်မြေမှာ ၂ ယောက်သေဆုံးတာလို့ ကလေးဒေသခံတစ်ဦးက ပြောပါတယ်။ ကလေးမြို့မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ အယောက် ၃၀ ရှိသွားပြီဖြစ်ပါတယ်။