Pfizer ကုမ္ပဏီကထုတ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကုသဆေး၊ သောက်ဆေးကို အရေးပေါ် အခြေအနေမှာသုံးဖို့ တောင်ကိုရီးယားအစိုးရက ခွင့်ပြုလိုက်တယ်လို့ အစားအစာနဲ့ ဆေးဝါး ဘေးကင်းရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။
တောင်ကိုရီးယားဟာ လူချင်းခွာနေရမယ့် ကန့်သတ်ချက်ကို နိုဝင်ဘာလက ဖြေလျှော့ပေးခဲ့ပေမယ့် နေ့စဉ် အသစ်ကူးစက်ခံ အရေအတွက် ဆက်တိုက်တိုးလာခဲ့ပြီးနောက် အရင်အပတ်ကစပြီး ကန့်သတ်ချက်ကို ပြန်တင်းကျပ်ခဲ့ပါတယ်။ နိုင်ငံအတွင်း အသက် ၁၈ နှစ်အထက် လူဦးရေရဲ့ ၉၂ ရာခိုင်နှုန်းကတော့ ကာကွယ်ဆေးထိုးလို့ ပြီးစီးပါပြီ။
ပက်စ်လိုဗစ်လို့ ခေါ်တဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ရေး သောက်ဆေးဟာ အိမ်မှာ ဆေးကုသခံနေသူ ဒါမှမဟုတ် ဆေးပေးခန်းတွေမှာ တင်ထားရတဲ့ လူနာတွေ အခြေအနေ ပိုဆိုးမလာအောင် ဟန့်တားရာမှာ အထောက်အကူပြုဖို့ မျှော်လင့်ထားတယ်လို့ ဆေးဝါးဘေးကင်းရေးဝန်ကြီး ကင်မ်ဂန်းလစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီဆေးကို အသက် ၁၂ နှစ်အထက်နဲ့ ကိုယ်အလေးချိန် ၈၈ ပေါင်အထက် လူကြီးတွေအတွက် သုံးနိုင်ပါတယ်။ ရောဂါအခံရှိပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ အခြေအနေ ဆိုးရွားလာနိုင်ခြေ ရှိတဲ့ ဝေဒနာအနုစားနဲ့ အလတ်စား ခံစားနေရသူတွေဟာ ဒီဆေးကို သုံးနိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။