close

ကိုဗစ်-၁၉ အာမခံငွေ

close

August 16, 2022

ထိုင်းတွင် ကိုဗစ်-၁၉ အာမခံငွေ ဘတ် ၅၃ သန်းဖိုး လိမ်လည်မှု ဖော်ထုတ်နှိမ်နင်း

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါကို အကြောင်းပြုပြီး အာမခံငွေ ဘတ် ၅၃ သန်း လိမ်လည်မှုတွေ ဖော်ထုတ်နှိမ်နင်းအရေးယူလိုက်‌ကြောင်း အထူးစုံစမ်းစစ်ဆေးရေး ဗဟိုရဲတပ်ဖွဲ့က ဒီကနေ့မနက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၁၉ ခုနှစ်ကုန်ပိုင်းကစ ကိုဗစ်-၁၉ အာမခံလုပ်ငန်းတွေ ပေါ်ပေါက်လာကြောင်း၊ အာမခံဝယ်ထားတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ရောဂါဖြစ်ပါက ဆေးဝါးကုသစရိတ် ထုတ်ယူနိုင်ပေမဲ့ တချို့ဟာ အမှန်တကယ် ရောဂါကူးစက်ခြင်း မရှိဘဲနဲ့ ဆေးလက်မှတ်အတုပြပြီး အာမခံငွေထုတ်သွားတာ၊ သက်ဆိုင်ရာက ဓာတ်ခွဲခန်းမှာ ပြန်လည်တိုက်ဆိုင် စစ်ဆေးတော့ ရောဂါပိုး ကူးစက်ခံရသူစာရင်းထဲ မပါတာ တွေ့ရတယ်လို့ အထူးစုံစမ်းစစ်ဆေးရေး ဗဟိုရဲတပ်ဖွဲ့မှ ဒုရဲချုပ် ကျီလဖုပ်ဖူရိတေချ်က ပြောပါတယ်။

ဒါ့အပြင် တချို့အာမခံအရောင်းကိုယ်စားလှယ်တွေကလည်း အာမခံသူတွေထံမှ ငွေတွေ ကောက်ခံထားပြီး ကုမ္ပဏီကို ပြန်မသွင်းကြောင်း၊ သူတို့ ကိုဗစ်-၁၉ ကူးစက်ခံရလို့ ဆေးကုသစရိတ် လာထုတ်ရာမှာ ငွေသွင်းထားတဲ့စာရင်းမရှိတော့ နစ်နာဆုံးရှုံးရတယ်လို့ အထူးစုံစမ်းစစ်ဆေးရေး ဗဟိုရဲတပ်ဖွဲ့မှ ဒုရဲချုပ် ကျီလဖုပ်ဖူရိတေချ်က ပြောပါတယ်။

တာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးဖော်ထုတ်ချက်အရ တနိုင်ငံလုံးရှိ အာမခံကုမ္ပဏီတွေရဲ့ စုစုပေါင်း ဆုံးရှုံးငွေမှာ ဘတ်သန်းပေါင်း ၅၃ သန်းရှိပြီး ပြစ်မှုကျူးလွန်သူ ၂၁ ဦးကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။

အဲဒီထဲမှာ ကိုဗစ်-၁၉ ဆေးစာအတုနဲ့ အာမခံငွေ ဘတ် ၅၀,၀၀၀ စီ ထုတ်ယူသွားသူ ၁၁ ဦး၊ အာမခံမယ့် ဖောက်သည်တွေဆီကနေ ငွေတွေယူထားပြီး ကုမ္ပဏီကို ပြန်မသွင်းတဲ့ ကိုယ်စားလှယ် ၃ ဦးကို ဖမ်းဆီးရမိထားပြီလို့ ဆိုပါတယ်။

အဆိုပါ ဖမ်းဆီးရမိထားသူတွေကို စာရွက်စာတမ်းတုပပြီး တုပတဲ့ စာရွက်စာတမ်းကို အသုံးပြုမှု၊ ရိုးသားမှုကင်းမဲ့စွာနဲ့ မိမိအခွင့်အရေးကို လိမ်လည်ရယူမှု၊ ပေးအပ်တဲ့တာဝန် အလွဲသုံးစားပြုမှုတွေနဲ့ အရေးယူသွားမှာဖြစ်ပြီး နောက်ထပ်ကျူးလွန်သူတွေကိုလည်း ဆက်လက်စုံစမ်း စစ်ဆေးဖော်ထုတ်သွားမယ်လို့ ဒုရဲချုပ်က ပြောသွားပါတယ်။

ကိုးကား - mgronline

2 mins Ago
Up