close

ကိုဗစ်-၁၉ ၄ နှစ်သမီး သေဆုံးမှု

close

July 19, 2022

စင်ကာပူတွင် ကိုဗစ်-၁၉ လူနာ ၄ နှစ်သမီးသေဆုံး၊ ၁၂ နှစ်အောက်လူနာသေဆုံးမှု ဒုတိယမြောက် ဖြစ်လာ

စင်ကာပူနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ ၄ နှစ်သမီးတယောက် သေဆုံးသွားခဲ့ပြီး ဒါဟာ အသက် ၁၂ နှစ်အောက် ရောဂါကူးစက်ခံရသူတွေထဲ ဒုတိယမြောက်သေဆုံးမှု ဖြစ်လာခဲ့တယ်လို့ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက အဆိုပါ မိန်းကလေးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့က နမိုးနီးယားအဆုတ်ရောင်ရောဂါနဲ့ သေဆုံးသွားခဲ့တာဖြစ်ပြီး သူ့မှာ အရင်က တခြားဆေးမှတ်တမ်း မရှိခဲ့သလို ကျန်းမာရေးလည်း ကောင်းမွန်တယ်လို့ မီဒီယာတွေကို ဖြေကြားလိုက်တာပါ။

“ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်က သူ့မှာ အသက်ရှူလမ်းကြောင်း ပိုးဝင်ပြီး အဖျားရောဂါလက္ခဏာစတင် တွေ့ရှိခဲ့ရပြီး တနင်္ဂနွေနေ့မှာတော့ အထွေထွေရောဂါကုဆေးခန်းမှာ Antigen Rapid Test နဲ့ စစ်လိုက်ချိန်မှာ ကိုဗစ်-၁၉ ရောဂါကူး စက်ခံထားရတာကို စစ်ဆေးတွေ့ရှိရတာပါ။”

သူ့ရဲ့ ရောဂါလက္ခဏာတွေအတွက် ဆရာဝန်တွေက ဆေးဝါးတွေ ညွှန်ကြားကာ ကုသမှုပေးခဲ့ပေမယ့် သက်သာလာခြင်းမရှိဘဲ အဲဒီနေ့ညပိုင်းမှာပဲ သေဆုံးသွားခဲ့တာလို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

နောက်ပိုင်းမှာတော့ အဆိုပါ မိန်းကလေးရဲ့ သေဆုံးမှုကို ကိုဗစ်-၁၉ အဆုတ်ရောင်ရောဂါကြောင့်ဖြစ်တယ်လို့ ဆုံးဖြတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်ကလည်း အသက် ၁ နှစ်ခွဲအရွယ် ကလေးတယောက်ဟာ ကိုဗစ်-၁၉ ကြောင့် ဦးနှောက်ယောင်ရောဂါတမျိုးနဲ့ တခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ပေါင်းစပ်ဗိုင်းရပ်စ်ပိုး ၂ မျိုးကြောင့် သေဆုံးခဲ့ရပြီး သူ့မှာ အရင်က တခြားဆေးမှတ်တမ်းမရှိခဲ့သလို ကျန်းမာရေးလည်း ကောင်းမွန်တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုဟာ သက်ကြီးရွယ်အိုတွေ၊ အရွယ်ရောက်ပြီးသူတွေထက် ကလေးတွေမှာ ပိုပြီးတော့ ခံနိုင်ရည်ရှိတယ်လို့ ယေဘုယျပြောလို့ရပေမယ့် ကလေးတွေမှာ ကိုဗစ်-၁၉ ကူးစက်ခံရပြီဆိုရင်တော့ နောက်ဆက်တွဲ ပြင်းထန်တဲ့ ရောဂါတွေ ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

စင်ကာပူ ကျန်းမာရေးသိပ္ပံနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးဆိုင်ရာ ပညာရှင်ကော်မတီကတော့ အသက် ၅ နှစ်အောက် ကလေးတွေအတွက် ဖော်စပ်ထားတဲ့ ကာကွယ်ဆေးတွေရဲ့ ဘေးကင်းမှုနဲ့ ထိရောက်မှုကို လေ့လာနေတယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနကတော့ အခုနှစ်အစောပိုင်းက အသက် ၆ လအရွယ်အထိ ကလေးငယ်တွေအပါအဝင် Pfizer နဲ့ Moderna ကာကွယ်ဆေးတွေ တရားဝင်အသုံးပြုနိုင်ဖို့ ထပ်မံတိုးချဲ့ခွင့်ပြုထားခဲ့တာပါ။

Moderna ကာကွယ်ဆေးကတော့ အသက် ၆ လကနေ ၅ နှစ်အထိ ကလေးတွေအတွက် သင့်တော်ပြီး Pfizer ကာကွယ်ဆေးကတော့ အသက် ၆ လကနေ ၄ နှစ်အရွယ်ကလေးတွေအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

2 mins Ago
Up