မနေ့ညက ယှဉ်ပြိုင်ကစားသွားတဲ့ ကင်မရွန်းနဲ့ ရှုံးထွက်ပွဲစဉ်မှာ ကိုမိုရော့စ်အသင်းက နောက်ခံလူတစ်ဦးကို ဂိုးသမားအဖြစ် အသုံးပြုသွားခဲ့ရပါတယ်။
အဲဒီ အာဖရိကဖလား ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်မှာ ကင်မရွန်းက ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရခဲ့ပါတယ်။
ကိုမိုရော့စ်အသင်းဟာ ကိုဗစ်နဲ့ဒဏ်ရာပြဿနာတွေကြောင့် ဂိုးသမား ၃ ဦးစလုံး မကစားနိုင်ခဲ့တာကြောင့် အရပ် ၅ ပေ ၇ လက်မရှိ ဘယ်နောက်ခံလူ အယ်ဟတ်ဟာကို ဂိုးသမားအဖြစ် အသုံးပြုခဲ့ရပါတယ်။
ကမ္ဘာ့အဆင့် ၁၃၂ မှာရှိတဲ့ အာဖရိကကျွန်းနိုင်ငံ ကိုမိုရော့စ်ဟာ အသင်းသားစုစုပေါင်း ၁၂ ဦးအထိ ကိုဗစ်ပိုးတွေ့ခဲ့လို့ အခက်အခဲရှိခဲ့ပါတယ်။
ပွဲအစ ၇ မိနစ်မှာလည်း နောက်ခံလူ အက်ဗ်ဒူ ထုတ်ပယ်ခံခဲ့ရလို့ တစ်ယောက်လျော့နဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။
အရန်ဂိုးသမား အာမာဒါဟာ ပွဲကစားမယ့်နေ့မှာ ကိုဗစ် Negative ထွက်ခဲ့ပေမယ့် ပြိုင်ပွဲစည်းမျဉ်းအရ ၅ ရက်ပြည့်တဲ့အထိ ကွာရန်တင်းဝင်ဖို့လိုအပ်တာကြောင့် ကစားခွင့်မရခဲ့တာပါ။
ဂိုးသမားနေရာမှာ ကစားသွားတဲ့ ပြင်သစ်ဒုတိယတန်းကလပ် အဂျက်စီယိုနောက်ခံလူ အယ်ဟတ်ဟာ က ၂ ဂိုးပေးခဲ့ရပေမယ့် ၄ ကြိမ်အထိ ကာကွယ်မှု ပြုလုပ်နိုင်ခဲ့ပါတယ်။