ရန်ကုန်မှာရှိတဲ့ ပုဂ္ဂလိက အခြေခံပညာကျောင်းတွေက မေလ ၂ ရက် ဒီကနေ့ ပြန်လည် စတင်ဖွင့်လှစ် သင်ကြားနေပြီလို့ ကိုယ်ပိုင်ကျောင်းထားတဲ့ ကျောင်းသားမိဘတွေထံက သိရပါတယ်။
၂၀၂၃-၂၄ ပညာသင်နှစ်ရဲ့ အခြေခံပညာကျောင်းဖွင့်ချိန်ဟာ ဇွန်လမှာဖြစ်ပေမယ့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေကတော့ မေလကတည်း တလစောပြီးဖွင့်လှစ်သင်ကြားတာဖြစ်ပါတယ်။ ဒါဟာ အရင်အစိုးရလက်ထက်ကတည်း ယနေ့အထိကျင့်သုံးနေတဲ့ ကိုယ်ပိုင်ကျောင်းဥပဒေနဲ့ မညီညွတ်ဘူးလို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
အင်းစိန်မြို့နယ်နေ ကျောင်းသားမိဘတဦးက “ကျောင်းတွေက စာမေးပွဲမဖြေခင်ကတည်းက ကျောင်းဆက်ထားမှာဆိုရင် ကျောင်းလခကြိုတင်ပေးသွင်းရမယ်လို့ သတ်မှတ်ထားတာ၊ ကျောင်းဖွင့်ချိန်ကလည်း မေလကတည်းက တလကြိုစောပြီး ဖွင့်မယ်လို့ မှာလိုက်တယ်။ ကျမတို့ကတော့ ဇွန်လမှပဲထားမှာ။ တလစာသက်သာလည်း မနည်းဘူး”လို့ ပြောပါတယ်။
အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ပြဋ္ဌာန်းခဲ့တဲ့ ကိုယ်ပိုင်ကျောင်းဥပဒေမှာ ကျောင်းဖွင့်ချိန်တွေဟာ အစိုးရကျာင်းဖွင့်ချိန်အတိုင်း ဖွင့်လှစ်ရမယ်လို့သတ်မှတ်ထားခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ပြန်လည်ဖွင့်လှစ်လာတဲ့ ကိုယ်ပိုင်ကျောင်းတွေဟာ ဥပဒေကိုကျော်လွန်ပြီး အစိုးရကျောင်းတွေထက် တလစောပြီးဖွင့်လှစ်နေကြတာဖြစ်ပါတယ်။
အခုအခါ ကိုယ်ပိုင်ကျောင်းထားမယ်ဆိုရင် အတန်းအလိုက်ဈေးနှုန်းတွေသတ်မှတ်ထားပြီး တလကို အနိမ့်ဆုံး ကျပ် ၅၀၀၀၀ လောက်ကနေ ပေးဆောင်နေရပြီး ဖယ်ရီစီးမယ်ဆိုရင်တော့ အနီးအဝေးအပေါ်မူတည်ပြီး ကျပ် ၄၀၀၀၀ ကနေ ၅၀၀၀၀ အအထိ ပေးဆောင်နေရတာကြောင့် တလမှာ ကိုယ်ပိုင်ကျောင်းထားတဲ့ ကျောင်းသားတဦးရဲ့ စရိတ်ဟာ ကျပ် တသိန်းလောက်အထိ ကုန်ကျနေပါတယ်။
မန္တလေးတိုင်းအတွင်းက ကိုယ်ပိုင်ကျောင်းတွေကို အမြန်ပြန်ဖွင့်ဖို့အတွက် မန္တလေးတိုင်းစစ်ကောင်စီ အကြမ်းဖက်အဖွဲ့က ဖိအားပေးနေတယ်လို့ ကျောင်းဆရာတွေက ပြောပါတယ်။
ကိုယ်ပိုင်ကျောင်းတွေအနေနဲ့ မဖွင့်နိုင်ရင် လိုင်စင်ပြန်အပ်ဖို့၊ ကျောင်းသား ကျောင်းသူတွေကို သက်ဆိုင်ရာ စာသင်ကျောင်းတွေမှာ ပြန်အပ်ဖို့ ဖိအားပေးတာလို့ ကိုယ်ပိုင်ကျောင်းမှာ စာသင်တဲ့ ဆရာတစ်ယောက်က ပြောပါတယ်။
အရင်က ကိုယ်ပိုင်ကျောင်းတွေအနေနဲ့ ဇွန်လ ၁ ရက်နေ့မှာ ဖွင့်ဖို့ပြောပေမယ့် မန္တလေးက ကိုယ်ပိုင်ကျောင်း (၂၂) ကျောင်း စုပေါင်းပြီး တလနောက်ဆုတ်ပေးဖို့ရာ အသနားခံစာတင်ခဲ့ပါတယ်။
ဒါ့ကြောင့် ဒီကနေ့မှာ ကျောင်း ၂၂ ရဲ့ တာဝန်ရှိသူတွေကို အစည်းအဝေးခေါ်ခဲ့ကာ ကိုယ်ပိုင်ကျောင်းတွေအနေနဲ့ လက်တလော ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို တင်ပြခဲ့ပေမယ့် တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့အတွက် တိုင်းပညာရေးဦးစီးဌာနက လက်မခံဘူးလို့ ဆိုပါတယ်။
ကိုယ်ပိုင်ကျောင်းမှာ စာသင်နေတဲ့ ဆရာတစ်ဦးက “ဒီကျောင်းတွေက စာတင်လိုက်တာအရေးမကြီးဘူး။ ကျန်တဲ့ကျောင်းတွေကို ပိတ်သိမ်းခွင့်တင်ရင်တင် မတင်ရင် ၂၂ ကျောင်းလို အသနားခံစာတင်ခိုင်းနေပြီ။ ပိတ်သိမ်းတင်ရင်ရှိတဲ့ ကျောင်းသားတွေကို အစိုးရကျောင်းတွေမှာ စာရင်းထည့်ပေးရမယ်။ အဲ့ဒီတော့ မတက်ချင်တဲ့ကလေးတွေပါ စာရင်းပါကုန်တော့မယ်။ ကလေးတွေနဲ့ မိဘတွေအတွက် စဉ်းစားစရာအချိန်ပါပဲ။ ဘယ်လိုဆက်လုပ်ဆောင်မယ်ဆိုတာ မိဘတွေလည်း စဉ်းစားဖို့လိုနေပြီ။” လို့ ဆိုပါတယ်။
မန္တလေးတိုင်း စစ်ကောင်စီက အထက်ကို တင်ပြပေးမယ်ပြောကာ ဇူလိုင် ၁ ရက်နေ့မှာ ဖွင့်ရမယ်လို့ ဖိအားပေးနေပါတယ်။ ကျောင်းမဖွင့်ခင်မှာ ပိတ်တယ်လို့မပြောပဲ အဖွင့်ပြထားပြီး ကျောင်းအပ်ကာ အွန်လိုင်းနဲ့ သင်ဖို့ သဘောတူခဲ့ကြပါတယ်။
မန္တလေးတိုင်းမှာ ကိုယ်ပိုင်ကျောင်းပေါင်း ၂၄၀ လောက်ရှိပြီး မန္တလေးမြို့ပေါ်မှာ ကိုယ်ပိုင်ကျောင်းပေါင်း ၁၀၀ လောက်ရှိပါတယ်။