ယူကရိန်းသမ္မတ ဇလန်းစကီးက ပြည်သူတွေကို မျှော်လင့်ချက်ပေးတဲ့ ဗဒီယိုမိန့်ခွန်းတိုလေးကို ဇူလိုင် ၇ ရက်က သူ့ရဲ့ အင်စတာဂရမ် ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားပါတယ်။
စစ်ပွဲ ၁၃၄ ရက်မြောက် ညသန်းခေါင် မိန့်ခွန်းမှာ သမ္မတ ဇလန်းစကီးက “ရိုးသားတဲ့ ယူကရိန်း ပြည်သူတွေ၊ စိတ်သဘောထားကောင်းမွန်ပြီး ငြိမ်းချမ်းရေးလိုလားတဲ့ ယူကရိန်းပြည်သူတွေ ကိုယ်တိုင်ဟာ ကမ္ဘာ့သတင်းစာမျက်နှာမှာ သူရဲကောင်းတွေ ဖြစ်တယ်။ ဒါပေမဲ့ ဒီအတွက် ပေးဆပ်ရတဲ့တန်ဖိုးက ဘာလဲ၊ ကျနော်တို့အားလုံး လိုချင်တာက ရှင်သန်ခွင့်၊ လွတ်လပ်တဲ့ ကိုယ်ပိုင်နိုင်ငံမှာ ရှင်သန်နေထိုင်ခွင့်ဖြစ်တယ်” လို့ ပြောပါတယ်။
ယူကရိန်းနဲ့ မဟာမိတ်တွေက ရုရှားဟာ ကိုလိုနီခေတ်ဟောင်းကပုံစံ နယ်မြေသိမ်းပိုက်ဖို့ ရည်ရွယ်ချက်နဲ့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတာလို့ ဆိုကြပါတယ်။
ရုရှားရဲ့ကျူးကျော်စစ်ဟာ ဥရောပမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေးပဋိပက္ခဖြစ်ပြီး လူထောင်ချီသေဆုံး၊ လူ သန်းချီ နေရာပြောင်းရွှေ့ရကာ စစ်ဘေးကြောင့် မြို့တွေ ရွာတွေ ပျက်စီးခဲ့ရပြီး ဖြစ်ပါတယ်။
ရုရှားဘက်ကတော့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ မရှိဘူးလို့ ငြင်းထားပြီး ယူကရိန်းမြေပေါ်မှာ ရုရှားစကားပြောတဲ့ လူနည်းစုတွေကို အကာအကွယ်ပေးဖို့နဲ့ ယူကရိန်းစစ်တပ်ကို အင်အားချည့်နဲ့အောင် လုပ်ဖို့၊ အန္တရာယ်ရှိတဲ့ အမျိုးသားရေးဝါဒီတွေကို အမြစ်လှန်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။