ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှာ အောက်တိုဘာ ၂၈ ရက်က အသက် ၃၀ အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တယောက် ဓားထိုးခံရတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်၊
မနေ့ နေ့လယ် ၂ နာရီလောက်မှာ အဲဒီရပ်ကွက်နေ ကိုယ်ဝန် ၄ လရှိ ဒေါ်စောသန္တာမှာ ဓားထိုးခံရပြီးနောက် ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ် ကိုယ်ဝန်ပျက်ကျပြီး အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်လို့ ရပ်ကွက်နေသူ တဦးက ပြောပါတယ်။
"ကိုယ်ဝန်က ပျက်ကျသွားတယ်။ ဒဏ်ရာက ပြင်းတယ်။အသက်အန္တရာယ်လဲ့ စိုးရိမ်ရတယ်လို့ ဆရာဝန်က ပြောတယ်။ ပိုက်ဆံချေးထားတာလည်းပြန် မဆပ်နိုင်သေးလို့ ဟိုက အရက်မူးမူးနဲ့ ဓားနဲ့ ထိုးသွားတာ"လို့ ပြောပါတယ်။
ဓားထိုးခံရသူ ဒေါ်စောသန္တာမှ နောက်ကျော ဓားဒဏ်ရာ ၄ ချက်၊ ပေါင်တွင် ၁ ချက်နဲ့ ဘယ်လက် တွင် ၁ ချက် ဓားထိုးခံခဲ့ရတယ်လို့ သိရပါတယ်။
မျက်မြင်ဒေသခံ တဦးက "ကိုယ်ဝန်ဆောင်ကို ဓားနဲ့ထိုးတဲ့သူက သူတို့နဲ့ အိမ်နီးချင်း ကိုကျားခို။ ကိုယ်ဝန်ဆောင် အမျိုးသမီးက ကိုကျားခို အမျိုးသမီးဆီက ငွေချေးထားတယ်လို့ သိရတယ်။ အကြွေးတောင်းတာ မရတော့ လင်ဖြစ်သူ အရက်မူးလာတဲ့အချိန်မှာ အကြွေးသွားတောင်းတော့ ဟိုက မဆပ်နိုင်လို့ ဓားထိုး ခံလိုက်ရတာ"
ဓားထိုး တရားခံဖြစ်တဲ့ ကိုကျားခို လင်မယားဟာ ထွက်ပြေးနေပြီး ဖမ်းဆီး ရရှိဖို့ ကြိုးစားနေတယ်လို့ စစ်တွေအမှတ်(၁)ရဲစခန်းက သိရပါတယ်။
အောက်တိုဘာ ၁၂ ရက်ကလည်း စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှာ အမျိုးသား တယောက် ဓားထိုး ခံခဲ့ရတယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။
မအူပင်မြို့မှာ အောက်တိုဘာ ၂၁ ရက်နေ့က ကိုယ်ဝန်ဆောင်အမျိုးသမီးအပါဝင် ရိုဟင်ဂျာ ၅၈ ဦးကို ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရိုဟင်ဂျာ ၅၈ ဦးကို ကျွဲဒုံးကျေးရွာအုပ်စု၊ အောက်ထုံးကျေးရွာအနီး မြစ်ထဲ စက်လှေတွေပေါ်မှာ ဖမ်းမိခဲ့တာဖြစ်ပြီး အမျိုးသား ၃၇ ဦး၊ အမျိုးသမီး ၁၃ ဦးနဲ့ ကလေး ၄ ဦးဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
“မအူပင်ကို မြစ်ကြောင်းက ဝင်လာတာတော့ ရှားတယ် သူတို့လမ်းလွဲရောက်လာတာမျိုးဖြစ်နိုင်တယ်။ ဒါပေမဲ့ အထောက်အထားမဲ့ဆိုတော့ ဖမ်းရတာပဲ။ ကိုယ်ဝန်ဆောင်သည်တဦးလည်းပါတယ်၊ စက်လှေမောင်းလေးဦးက လိုက်ပို့တာ”လို့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ရိုဟင်ဂျာ ၅၈ ဦး လိုက်ပါလာတဲ့ စက်လှေကို တာပေါ်လင် မိုးကာစတွေနဲ့အုပ်ပြီး ခေါ်လာတာကြောင့် မသင်္ကာလို့ စစ်ဆေးချိန်မှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
ရိုဟင်ဂျာ ၅၄ ဦးနဲ့ စက်လှေမောင်း ၄ ဦးကို ရွှေတောင်မှော်နယ်မြေရဲစခန်းမှာ လ၀က ဥပဒေနဲ့ အမှုဖွင့်ပြီး စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
အရပ်သားအစိုးရလက်ထက်ကလည်း ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းကို ခုလိုမျိုး ရိုဟင်ဂျာတွေ ဝင်ရောက်မှုတွေရှိပေမယ့် နေရပ်သာပြန်ပို့ပေးခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဖမ်းဆီးထောင်ချလာတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။