close

ကိုရန်ကျမ်းစာ

close

January 28, 2023

ကိုရန်ကျမ်းစာ မီးရှို့မှုကို မလေးရှားတွင် ကန့်ကွက်ဆန္ဒပြ

အစ္စလာမ်ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ကိုရန်ကျမ်းစာကို ဆွီဒင်နိုင်ငံမှာ မီးရှို့ဆန္ဒပြခဲ့တဲ့အပေါ် ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့  မလေးရှားမူစလင် ရာပေါင်းများစွာဟာ ဇန်နဝါရီ ၂၇ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ရှိ ဆွီဒင်သံရုံးရှေ့မှာ စုရုံးဆန္ဒပြခဲ့ကြပါတယ်။ 

ကိုရန်ကျမ်းစာ မီးရှို့မှုကို Hard Line အမည်ရ ဒိန်းမတ် လက်ယာစွန်းနိုင်ငံရေးပါတီကို တည်ထောင်သူ ဒိန်းမတ်ရှေ့နေ Rasmus Paludan က ဆွီဒင်နိုင်ငံ စတော့ဟုမ်း မြို့ရှိ တူရကီသံရုံးအပြင်ဘက်မှာ  ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဆန္ဒပြပွဲအတွက် ဆွီဒင်ရဲတပ်ဖွဲ့ဆီက ခွင့်ပြုချက် ရထားပြီးသားလို့ ဆိုပါတယ်။ 

ဒါဟာ အစ္စလာမ် ဆန့်ကျင်ရေး ဆန္ဒပြပွဲဖြစ်ပြီး ဆွီဒင်နိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် လွှမ်းမိုးဖို့ တူရကီသမ္မတ တေးရစ်ပ်အာဒိုဂန်ရဲ့ ကြိုးပမ်းမှုကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြတာလို့လည်း ဆိုပါတယ်။ 

ဆွီဒင်နဲ့ဖင်လန်နိုင်ငံတို့ဟာ စစ်ရေးမဟာမိတ်နေတိုးအဖွဲ့ကို ဝင်ရောက်ဖို့ မနှစ်က လျှောက်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တူရကီ အပါအဝင် နေတိုးအဖွဲ့ဝင် နိုင်ငံပေါင်း ၃၀ စလုံးက အတည်ပြုဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ 

တူရကီနိုင်ငံက ဆွီဒင်နိုင်ငံအနေနဲ့ အကြမ်းဖက်သမားတွေအပေါ် အထူးသဖြင့် ကာ့ဒ်စစ်သွေးကြွတွေနဲ့ ၂၀၁၆ ခုနှစ် တူရကီအာဏာသိမ်းမှုကို အပြစ်တင်ခဲ့တဲ့အဖွဲ့တခုနဲ့ ပက်သက်ပြီး ဆွီဒင်ရဲ့င်ရပ်တည်ချက်ကို အရင်ဆုံး ရှင်းရှင်းလင်းလင်း လုပ်ဖို့လိုတယ် လို့ မှတ်ချက်ပေးထားပါတယ်။ 

ကိုရန် ကျမ်းစာမီးရှို့မှုအပေါ် မလေးရှားနိုင်ငံအပြင် တူရကီ၊ ဂျော်ဒန်နဲ့ ယီမင်နိုင်ငံတို့ အပါအဝင် တခြားနိုင်ငံတွေမှာ ဆက်တိုက် ကန့်ကွက်ရှုတ်ချ ဆန္ဒပြနေကြတာဖြစ်ပါတယ်။

21 seconds Ago
Up