တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ One Day Challenge လှုပ်ရှားမှုကနေ အမျိုးသားညီညွတ်ရေးအစိုးရ NUG အတွက် လစဥ် အမေရိကန်ဒေါ်လာ ၈၀,၀၀၀ ကျော်အထိ ထောက်ပံ့နိုင်ပြီလို့ ဦးဆောင်လှုပ်ရှားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
အဆိုပါ လှုပ်ရှားမှုကို တောင်ကိုရီးယားနိုင်ငံမှ အပတ်စဥ်ရုံးပိတ်ရက်တိုင်း ပြုလုပ်နေတာဖြစ်ပါတယ်။ အဲဒီလှုပ်ရှားမှုမှာ အဖွဲ့ဝင်တွေက ထောက်ပံငွေထည့်ဝင်တာ၊ မြန်မာ့နိုင်ငံရေးအခြေအနေထုတ်ဖော်ပြသတာ၊ အဖွဲ့ဝင်သစ်တွေကို ဂုဏ်ပြုလွှာနဲ့ ရင်ထိုးပြန်ပေးတာတွေ လုပ်ဖြစ်တယ်လို့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်အထိ အဖွဲ့ဝင် ဦးရေ ၁၀၀၀ ကျော်ရှိလာပြီး လစဥ်ထောက်ပံငွေ ဝမ် ၉၅၄ သိန်း( ဒေါ်လာ ၈၀၀၀၀) ကျော်ပြီလို့ ဦးဆောင်သူတွေကဒီနေ့သတင်းထုတ်ပြန်ထားပါတယ်။ ရရှိငွေတွေကို NUGအစိုးရ ဆီတိုက်ရိုက်ပေးပို့နေတယ်လို့လည်း သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း စည်းကမ်းတကျဆန္ဒထုတ်ဖော်ခဲ့ပြီး CDM ပူးပေါင်းပါဝင်ပေးတဲ့ မြန်မာပြည်က ဝန်ထမ်းတွေအတွက်တတ်နိုင်တဲ့ဘက်က ထောက်ပံ့ကူညီဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။
ကိုရီးယားနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် ဥပဒေအရ လူစုလူဝေးလုပ်လို့မရပါဘူး။ ခုလိုအခက်အခဲတွေကြားထဲကနေ မြန်မာပြည်မှာ စစ်တပ် အဏာသိမ်းခံရမှုကို ဆန့်ကျင်တဲ့အနေနဲ့ ကိုရီးယားရောက်မြန်မာနိုင်ငံသားတွေ တစ်ဦးကို ၆ ပေစီခွာပြီး အသံတိတ်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ကိုရီးယားရောက်မြန်မာနိုင်ငံသားတွေစုပေါင်းပြီး မြန်မာနိုင်ငံက CDM မှာပူးပေါင်းပါဝင်ပေးတဲ့ ဝန်ထမ်းတွေအတွက် ထောက်ပံ့ပေးသွား မှာဖြစ်ပြီး မြန်မာပြည်သူတွေနဲ့ အတူ တိုက်ပွဲဝင်သွားမယ်လို့ ကိုရီးယားနိုင်ငံရောက်မြန်မာတစ်ဦးက ပြောပါတယ်။
လတ်တလောမှာတော့ ကိုရီးယားနိုင်ငံက Youtube influrencer တွေရဲ့ မှားယွင်းတဲ့ ဖော်ပြချက်တွေကြောင့် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ပတ်သတ်ပြီး သတင်းမှားတွေ များစွာရှိနေတယ်လို့ ဆိုပါတယ်။
ဆန္ဒပြ ပြည်သူတွေအနေနဲ့ ကိုယ်တောင်းဆိုချင်တဲ့အရာကို စာလုံးကြီးကြီးနဲ့ ရေးသားပြီး ထိရောက်စွာတောင်းဆိုပေးကြဖို့ ကိုရီးယားရောက်မြန်မာနိုငိငံသားတွေက အကြံပြုပါတယ်။ သတင်းမှားတွေဖော်ပြသူတွေကို အရေးယူပေးဖို့ကိုလည်း ကိုရီးယားသံရုံးမှာ တောင်းဆိုထားပြီး မြန်မာနိုင်ငံက ဝန်ထမ်းတွေနဲ့အတူ CDM မှာအဆုံးထိ ပူးပေါင်းပေးဖို့ တောင်းဆိုထားပါတယ်။
ခိုင်ပန်းနု