close

ကိုရီးယား စစ်မဲ့ဇုန်

close

September 29, 2022

အမေရိကန်ဒုသမ္မတ ကမ်မလာဟားရစ် ကိုရီးယားစစ်မဲ့ဇုန်သို့ သွားရောက်

အမေရိကန်ဒုသမ္မတ ကမ်မလာဟားရစ်ဟာ စက်တင်ဘာ ၂၉ ရက်မှာ ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန် (DMZ) ဆီ သွားရောက်လည်ပတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားနယ်စပ်က စစ်မဲ့ဇုန် DMZ ဟာ ငြိမ်းချမ်းရေးစာချုပ်မချုပ်ဘဲ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်နဲ့ ပြီးဆုံးခဲ့တဲ့ ၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲရဲ့ အမွေအနှစ်တရပ်ပါ။

၂ ကီလိုမီတာရှည်တဲ့ ကမ်းရိုးတန်းတလျှောက် ဘလိတ်ဓားဆူးကြိုးတွေ၊ အကြီးစား လက်နက်တွေနဲ့ တင့်ကားထောင်ချောက်တွေကို နယ်စပ်မျဉ်း တဖက်တချက်စီမှာ အခိုင်အခံ့ ချထားပါတယ်။

အမေရိကန်သမ္မတတွေနဲ့ ထိပ်တန်းအရာရှိ အများအပြားဟာ စစ်ပုံစံအင်္ကျီတွေဝတ်ပြီး ဒီဇုန်ကို လာလေ့ရှိပါတယ်။

အမေရိကန်သမ္မတ ရော်နယ်ရေဂင်ဟာ DMZ ဆီ လာရောက်လည်ပတ်တဲ့ ပထမဆုံး အမေရိကန်သမ္မတဖြစ်ပြီး အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီကတော့ DMZ ကို လာရောက်လည်ပတ်ခဲ့တဲ့ နောက်ဆုံး အမေရိကန်ခေါင်းဆောင် ဖြစ်ပါတယ်။

ဟားရစ်ဟာ DMZ ဆီ လာရောက်လည်ပတ်တဲ့ သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အုပ်ချုပ်ရေးအဖွဲ့  ပထမဆုံး အကြီးတန်းအရာရှိ ဖြစ်လာမှာပါ။

ဒီခရီးစဉ်ဟာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရချိန်မှာ တောင်ကိုရီးယားနဲ့ အမေရိကန် အစိုးရ နှစ်ရပ်ကြား မဟာမိတ်ဆက်ဆံရေးကို မီးမောင်းထိုးပြဖို့ ရည်ရွယ်ထားတယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။

42 mins Ago
Up