တောင်ကိုရီးယား ကေပေါ့ပ်အဖွဲ့ ASTRO ရဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ မွန်းဘင်ကို ဆိုးလ်မြို့ ဂန်နမ်ခရိုင်မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ ယွန်ဟပ် တောင်ကိုရီးယားသတင်းမှာ ဖော်ပြပါတယ်။
မွန်းဘင် သေဆုံးနေတာကို ဧပြီ ၁၉ ရက် ည ၈နာရီ ၁၀ မိနစ်လောက်မှာ သူ့ရဲ့မန်နေဂျာက ပထမဆုံး တွေ့ရှိခဲ့ပြီးတော့ ရဲကိုဖုန်းဆက် အကြောင်းကြားခဲ့တာဖြစ်ပါတယ်။
တောင်ကိုရီးယားရဲတပ်ဖွဲ့ရဲ့ တရားဝင်ထုတ်ပြန်ချက်အရ မွန်းဘင် သေဆုံးမှုဟာ မိမိကိုယ်ကိုယ် သတ်သေမှုလို့ ယူဆရပြီး ရဲတပ်ဖွဲ့အနေနဲ့ သေဆုံးရတဲ့ အကြောင်းရင်းကို အတိအကျ သိရှိနိုင်ဖို့ အလောင်းကို ခွဲစိတ်စစ်ဆေးဖို့ရှိတယ်လို့လည်း သိရပါတယ်။
ရဲတပ်ဖွဲ့ ပြောဆိုခွင့်ရှိသူတဦးက “မွန်းဘင်က သူ့ကိုယ်သူ သတ်သေသွားပုံရပါတယ်။ တကယ် သေဆုံးရတဲ့ အကြောင်းရင်းကို တိတိကျကျ သိရှိနိုင်ဖို့အတွက် လောလောဆယ် အလောင်းခွဲစိတ်မှု ပြုလုပ်နိုင်ဖို့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်” လို့ ပြောပါတယ်။
သူ့ရဲ့အေဂျင်စီကလည်း ဒီဆုံးရှုံးမှုအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
မွန်းဘင်ဟာ သူ မကွယ်လွန်ခင်မှာ အခုနှစ်အတွင်း ပြုလုပ်မယ့် 2023 Dream Concert မှာ ပါဝင်ဖို့ စီစဥ်ထားခဲ့ပြီး အဆိုပါဖျော်ဖြေပွဲကို လာမယ့် မေလ ၂၇ ရက်နေ့ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ အားကစားကွင်းကြီးမှာ ကျင်းပဖို့ ရှိနေတာပါ။
မွန်းဘင်ဟာ မကြာခင်က ဖိလစ်ပိုင်နိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတချို့ ကြုံတွေ့နေရတယ်လို့လည်း သူနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းနဲ့ ပရိသတ်တွေက ဆိုပါတယ်။
မွန်းဘင်ပါဝင်နေတဲ့ ASTRO ကေပေါ့ပ်အဖွဲ့ကို ၂၀၂၀ ပြည့်နှစ်မှာ ပထမဆုံး စတင်ဖွဲ့စည်းခဲ့ပြီး ASTRO ရဲ့ တခြားအဖွဲ့ဝင်တွေကတော့ ဆန်းဟ၊ အမ်ဂျေ၊ ဂျင်ဂျင်းနဲ့ ချာအန်ဝူးတို့ဖြစ်ကြပြီး မွန်းဘင်နဲ့ ဆန်းဟဆိုတဲ့ အဖွဲ့ခွဲတခုလည်း ဖွဲ့စည်းထားပါသေးတယ်။
ASTRO အဖွဲ့ရဲ့ လူကြိုက်များ ရေပန်းစားတဲ့ သီချင်းတွေဖြစ်တဲ့ “Blue Flame”, “Candy Sugar Pop”, “Knock” နဲ့ “Crazy Sexy Cool” အပါအဝင် တခြားသီချင်းများစွာ ကျန်ရှိခဲ့ပြီး သူ့ရဲ့မိတ်ဆွေတွေ၊ ပရိသတ်တွေကတော့ သူ့အတွက် ဝမ်းနည်းနေကြပြီး များစွာ ပူဆွေးသောက ရောက်နေကြကြောင်း လူမှုကွန်ရက်တွေမှာ ဝေမျှပြောဆိုနေကြပါတယ်။
တောင်ကိုရီးယားနိုင်ငံကလူသိများထင်ရှားတဲ့ Running Man အဖွဲ့ဝင်တွေဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ဧပြီ ၁ ရက် ညနေ ၆ နာရီမှာ ပရိသတ်တွေနဲ့တွေ့ဆုံပွဲ ကျင်းပမယ့်လို့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။
ဒီတွေ့ဆုံပွဲကို “Running Man: The Decade of Laughter” လို့ နာမည်ပေးထားပြီး ၂၀၂၀ ဖေဖော်ဝါရီလမှာ တွေ့ဆုံပွဲကျင်းပဖို့ စီစဉ်ထားပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။
အခုတွေ့ဆုံပွဲမှာ ပရိသတ်တွေအနေနဲ့ ၂၀၂၀ Fan meeting အတွက် ဝယ်ယူထားတဲ့ လက်မှတ်အဟောင်းတွေကိုလည်း ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပြီး လက်မှတ်အသစ်တွေကိုတော့ မတ်လ ၂၅ ရက်ကစတင်ပြီး နိုင်ငံအနှံ့မှာရှိတဲ့ SM လက်မှတ်ရုံတွေနဲ့ အွန်လိုင်းကနေ ဝယ်ယူနိုင်မယ်လို့ အဖွဲ့ဝင် ဟားဟားကပြောပါတယ်။
“နောက်ဆုံးတော့ ငါတို့အားလုံး ဆုံနိုင်ပြီ။ လူတိုင်းလာနိုင်ပြီး ငါတို့နဲ့အတူ ပျော်ရွှင်တဲ့ အချိန်လေးတွေရရှိဖို့ မျှော်လင့်ပါတယ်” လို့ Running Man အဖွဲ့ဝင်တွေက ပြောပါတယ်။
Running Man ရသစုံရှိုးဟာ ဆယ်စုနှစ်တခုကျော်အထိ ကိုရီးယားနိုင်ငံသာမက တကမ္ဘာလုံးအနေနဲ့ ပရိသတ် အခိုင်အမာ ရရှိထားတာဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုက ဧည့်သည်အနေနဲ့ Running Man အစီအစဉ်မှာ ပါဝင်ခဲ့ပါသေးတယ်။