သီရိလင်္ကာနိုင်ငံမှာ ပျက်ယွင်းနေတဲ့ ပြည်သူ့ဘဏ္ဍာငွေစနစ်ကို ပြုပြင်ဖို့နဲ့ အားနည်းဆုတ်ယုတ်နေတဲ့ စီးပွားရေး အကျပ်အတည်းကို တိုက်ဖျက်ဖို့ အလံရှည်လှုပ်ရှားမှုအဖြစ် ဒေသခံတွေဟာ လောင်စာဆီဈေးနှုန်းတွေ မြင့်တက်နေတဲ့ကြားက မြို့တော် ကိုလံဘိုမှာ လောင်စာဆီတွေ ဝယ်ယူဖို့ မေ ၂၄ ရက်က တန်းစီ စောင့်ဆိုင်းနေကြပါတယ်။
မြို့နေလူထုဟာ ဓာတ်ဆီဆိုင်တွေမှာ သူတို့ရဲ့ယာဉ်တွေ၊ ကားတွေကို တန်းစီစောင့်ဆိုင်းကြပြီး အမျိုးသမီးတွေကလည်း ချက်ရေးပြုတ်ရေးအတွက် ရေနံဆီဝယ်ဖို့ ပလတ်စတစ်ပုံးတွေနဲ့ ပလက်ဖောင်းတွေပေါ်မှာ ထိုင်စောင့်နေကြတာပါ။
အစိုးရက အထောက်အပံ့တွေ ဖြန့်ဖြူးပေးဝေဖို့ တွန်းအားပေးနေတာတောင်မှ လောင်စာဆီ ပြတ်လပ်မှုကို ကြုံနေရဆဲပဲလို့ နာရီပေါင်းများစွာ အချိန်ကုန်ခံ စောင့်ဆိုင်းခဲ့ရသူတချို့က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဓာတ်ဆီဈေးက ၂၀ ကနေ ၂၄ ရာခိုင်နှုန်း တက်လာမှာဖြစ်ပြီး ဒီဇယ်ဈေးက ၃၅ ကနေ ၃၈ ရာခိုင်နှုန်း ချက်ချင်းတက်မှာဖြစ်ကြောင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ကန်ချနာ ဝိဇယ် ဆီကေရာက တွစ်တာမှာ ရေးထားပါတယ်။
သုံးစွဲသူတယောက်ကို ဘယ်လောက်ဝယ်ယူနိုင်တယ်ဆိုပြီး နေ့စဉ်ကန့်သတ်ချက်တွေ ဆက်လက်ထားရှိဦးမှာလည်း ဖြစ်ပါတယ်။
လောင်စာဆီနဲ့ သယ်ယူပို့ဆောင်ရေး ဈေးနှုန်းတွေ မြင့်တက်လာခြင်းဟာ အစားအသောက်နဲ့ တခြားကုန်စည်တွေဆီကို မလွဲမသွေ စီးဆင်းသက်ရောက်သွားမှာဖြစ်ကြောင်း စီးပွားရေးပညာရှင်တွေက ပြောပါတယ်။
"လောင်စာဆီပြဿနာတင်မကဘူး။ အထွေထွေစရိတ်တွေ၊ အစားအသောက်တွေလည်း ဈေးအရမ်းတက်နေတယ်" လို့ ကိုလံဘိုမြို့ရှိ ဓာတ်ငွေ့ရည်ဆိုင်တခုမှာ လေးနာရီကြာလောက် တန်းစီစောင့်ဆိုင်းနေတဲ့ စီးပွားရေးလုပ်ငန်းရှင် မိုဟာမက်အီဖန်က ပြောပါတယ်။
"ဆင်းရဲသားတွေ၊ လူလတ်တန်းစားတွေအတွက် အရမ်းခက်ခဲတယ်။ သူတို့က ပြဿနာတွေကို နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတာ။"
သီရိလင်္ကာနိုင်ငံဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး နိုင်ငံခြားငွေ ပြတ်လပ်မှုကြောင့် သွင်းကုန်တွေ ရပ်တန့်ကုန်တာနဲ့ နိုင်ငံတွင်း လောင်စာဆီနဲ့ ဆေးဝါးတွေ ပြတ်လပ်သွားတဲ့အပြင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေနဲ့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။
သိရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ သမ္မတအိမ်တော်အနီးမှာ ဆန္ဒပြသူတွေနဲ့ ရဲတွေ ပဋိပက္ခကြီးကြီးမားမား ဖြစ်ခဲ့ပြီးနောက် မြို့မှာ ကာဖျူးအမိန့်ထုတ်ထားတာကို သောကြာနေ့က ရုတ်သိမ်းလိုက်ပါတယ်။
သမ္မတ ဂိုတဘာယာ ရာဂျာပက်ဆာရဲ့ စီးပွားရေးအကျပ်အတည်းကိုင်တွယ်မှုအပေါ် မကျေနပ်တာကြောင့် ရာချီပြီး ဆန္ဒပြတာပါ။
ကြာသာပတေးနေ့ ညနေပိုင်းမှာ ဆန္ဒပြသူတွေ သမ္မတအိမ်အနီးမှာ စုဝေးခဲ့ပြီးနောက် ရဲတွေက မျက်ရည်ယိုဗုံးတွေ ရေပိုက်တွေနဲ့ ဖြိုခွဲခဲ့တာပါ။
ဆန္ဒပြသူတွေက အုတ်တံတိုင်းတွေ ဖြိုချပြီး ကျောက်ခဲတွေနဲ့ ပြန်ပစ်ပေါက်တာကြောင့် ရဲအတော်များများ ထိခိုက်ခဲ့ပြီး ဆန္ဒပြသူ ဒါဇင်ကျော် အဖမ်းခံရပါတယ်။
သီရိလင်္ကာနိုင်ငံအတွင်း ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး သီရိလင်္ကာခရီးသွားလုပ်ငန်း ဝန်ကြီး ပရာစန်နာ ရာနာတန်ဂါကတော့ အတိုက်အခံတွေကို အပြစ်တင်လိုက် ပါတယ်။
“ကိုယ့်နိုင်ငံရဲ့ ဒေါ်လာ အကျပ်အတည်းကို လာမယ့် ခြောက်လ ခုနှစ်လ အတွင်း ဖြေရှင်းနိုင်မယ်လို့ ကျနော်တို့ ယုံတယ်။ အတိုက်အခံတွေက တိုင်းပြည် မတည်မငြိမ် ဖြစ်အောင် လုပ်ဖို့ ကြိုးစားတယ်လို့ ကျနော်ထင်တယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လူဦးရေ ၂၂ သန်း ရှိတဲ့ သီရိလင်္ကာမှာ လတ်တလော နှစ်တွေအတွင်း အဆိုးဆုံး စီးပွားရေး အကျပ်အတည်း ဆိုက်ခဲ့ပါတယ်။ အစိုးရမှာ လောင်စာတင်သွင်းဖို့ နိုင်ငံခြားငွေ အလုံအလောက် မရှိတဲ့အတွက် တရက်ကို ၁၃ နာရီ မီးပျက်နေတယ်လို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။