ကိုလံဘီယာအာဏာပိုင်တွေဟာ ရာဇ၀တ်အဖွဲ့အစည်းတွေနဲ့ ကြုံတွေ့နေကျ ရာဇ၀တ်မှုတွေကို စစ်ဆင်ရေး လုပ်ရာမှာ သိမ်းဆည်းရမိထားတဲ့ လက်နက်ပေါင်း ၂၉,၀၀၀ နီးပါးကို အရည်ကျို လိုက် ကြောင်း ကိုလံဘီယာ လက်နက်ကိုင်တပ်ဖွဲ့က ဇန်နဝါရီ ၁၂ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
သိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာ သေနတ်တွေ၊ ခြောက်လုံးပြူးတွေ၊ ရိုင်ဖယ်တွေ၊ ကာဘိုင် တွေ၊ စက်သေနတ်တွေ၊ ဆဘ် မရှင်းဂန်း စက်သေနတ်တွေ၊ မော်တာတွေနဲ့ ဒုံးပစ်လောင်ချာတွေ လည်း ပါဝင်ပါတယ်။
“ကိုလံဘီယာမှာ လုံခြုံရေး အားကောင်းစေဖို့ တရားမ၀င် ကိုင်ဆောင်သူတွေရဲ့ လက်ထဲကနေ သိမ်းဆည်းထားတဲ့ လက်နက်ပေါင်း ၂၈, ၉၉၁ လက်ကို ဖျက်ဆီးပစ်ဖို့ ဘိုယာကာပြည်နယ်၊ တုတာ မြို့ရှိ ဂဲရ်ဒို ဒီယာကို စက်ရုံမှာ အရည်ကျိုနေတာ”လို့ ကိုလံဘီယာစစ်တပ်ရဲ့ ပူးတွဲစစ်ဦးစီးချုပ်များ အကြီးအကဲ ဟိုဆေးဟွာကင် နာမက်ဇ်ကီတာ ဂါစီယာက ပြောကြားခဲ့ပါတယ်။
လက်နက်တချို့ကို ပြည်သူတွေအတွက် ဝင်ငွေနည်းအိမ်ရာတွေ ဆောက်လုပ်ရာမှာ အသုံးပြုတဲ့ တုတ်တိုင်တွေအဖြစ် ပြောင်းလဲသွားမယ်လို့လည်း ဆိုပါတယ်။
ကိုလံဘီယာနိုင်ငံကို ထိခိုက်အောင် လုပ်ခဲ့တဲ့ ပစ္စည်းတွေကို အကျိုးရှိရှိ ပြန်အသုံးချသွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
နိုင်ငံကို ငြိမ်းချမ်းရေး ဆောင်ယူလာဖို့အတွက် ကိုလံဘီယာစစ်တပ်၊ အမျိုးသားရဲတပ်ဖွဲ့နဲ့ အစိုးရ ရှေ့နေရုံး အားလုံးနဲ့ လက်တွဲပြီး ဆက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း ဂါစီယာက ပြောပါတယ်။
ကိုလံဘီယာအစိုးရဟာ စစ်ဆင်ရေးတွေမှာ အရပ်သားတွေ ထိခိုက်တာနဲ့ အဓမ္မစုဆောင်းခံရတဲ့ အရွယ်မရောက်သေးသူတွေ သေဆုံးရမှုတွေကို ရှောင်ရှားနိုင်ဖို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်တာတွေကို ရပ်ဆိုင်းမယ်လို့ ကာကွယ်ရေးဝန်ကြီး အိုင်ဗန် ဗေလာကွက်ဇ်က သြဂုတ် ၂၅ ရက်မှာ ပြောပါတယ်။
ဗေလာကွက်ဇ် ပြောကြားချက်ဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တတ်နိုင်သမျှ ဆွေးနွေးညှိနှိုင်းဖို့ အစိုးရရဲ့ လိုလားချက်တခုဖြစ်ပြီး လက်ဝဲပြောက်ကျားတွေနဲ့ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကို တိုက်ခိုက်နေတဲ့ ကိုလံဘီယာအစိုးရရဲ့ မဟာဗျူဟာကို ပြောင်းလဲမှုတခုလည်း ဖြစ်ပါတယ်။
ကိုလံဘီယာရဲ့ လက်ဝဲသမ္မတသစ် ဂူစတာဗိုပီထရိုဟာ ပြောက်ကျားတွေနဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ ပဋိပက္ခတွေကို အဆုံးသတ်စေဖို့အတွက် ဥပဒေအကျိုးခံစားခွင့်တွေ၊ ပြစ်ဒဏ်လျှော့ပေါ့ပေးမှုတွေနဲ့ လဲလှယ်ပြီး ‘ငြိမ်းချမ်းရေး’ မူဝါဒကို တွန်းအားပေးနေတာပါ။
“ငြိမ်းချမ်းရေးဆိုတာ အစိုးရဘက်က လက်နက်ချတာလည်း မဟုတ်ဘူး။ လက်နက်ကိုင်တပ်ဖွဲ့တွေဘက်က လက်နက်ချတာလည်း မဟုတ်ဘူး။ ငြိမ်းချမ်းရေးဆိုတာ စုပေါင်းတည်ဆောက်တဲ့ လုပ်ငန်းစဉ်ပဲ” လို့ ဗေလာကွက်ဇ် က ပြောပါတယ်။
ကိုလံဘီယာရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဗုံးကြဲချမှုတွေကြောင့် အရွယ်မရောက်သေးတဲ့ ကလေးတွေ သေဆုံးခဲ့ရတဲ့အပေါ် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ နိုင်ငံရေးသမားတွေရဲ့ ဝေဖန်မှုတွေကို မကြာသေးခင်က ခံခဲ့ရတာပါ။
မကြာသေးမီနှစ်တွေအတွင်း စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ၂၀၁၆ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ပယ်ချခဲ့တဲ့ FARC သူပုန်အဖွဲ့က အတိုက်အခံတွေ၊ အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ELN) နဲ့ ရာဇဝတ်ဂိုဏ်း Clan del Golfo တို့လို လက်နက်ကိုင်အဖွဲ့တွေကို ပြင်းပြင်းထန်ထန် ထိုးနှက်ခဲ့ပြီး အရေးပါတဲ့ ခေါင်းဆောင်တွေကို သတ်ပစ်ခဲ့ပါတယ်။
ကိုလံဘီယာနိုင်ငံရဲ့ နှစ်ပေါင်း ၆၀ နီးပါးကြာ ပဋိပက္ခကြောင့် အနည်းဆုံး လူ ၄၅၀,၀၀၀ သေဆုံးခဲ့ရပါတယ်။