ကိုလံဘီယာ အာဏာပိုင်တွေဟာ မေ ၁၀ ရက်က ရေငုပ်သင်္ဘောအတွင်း ကိုကင်း ၃ တန်ကို သိမ်းဆည်း ရမိခဲ့ကြောင်း တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရေတပ်ရဲ့ အဆိုအရ ပစိဖိတ်သမုဒ္ဒရာအတွင်း ကြားဖြတ်ဟန့်တားခဲ့တဲ့ ရေငုပ်သင်္ဘောပေါ်ဟာ ဗဟိုအမေရိကကို ဦးတည်သွားနေကြောင်း၊ ရေငုပ်သင်္ဘောပေါ်မှာ ကိုလံဘီယာနိုင်ငံသား ၃ ဦးလိုက်ပါလာခဲ့ပြီး သင်္ဘောအတွင်းထဲမှာ ကိုကင်း ဟိုက်ဒရိုကလိုရိုက် ၃ တန် ပါရှိကြောင်း ကိုလံဘီယာ ရေတပ်ခေါင်းဆောင် ကပ္ပတိန် ဟွမ်န် ပီနေးလာ က ပြောပါတယ်။
ရေငုပ်သင်္ဘောမှာ ရေယိုစိမ့်မှုရှိတယ်လို့ သုံးသပ်ရတာကြောင့် ရေတပ်အရာရှိတွေဟာ သင်္ဘောသားတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ဖို့ အာရုံစိုက်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
အခုဖမ်းဆီးရမိမှုဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ အဖွဲ့အစည်းတွေအတွက် ဒေါ်လာ ၁၀၃ သန်းလောက် ဆုံးရှုံးခဲ့ကြောင်း ကိုလံဘီယာ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို ဆယ်စုနှစ်ချီ တွန်းလှန်ခဲ့ပေမယ့်လည်း ကိုလံဘီယာဟာ ကမ္ဘာ့ထိပ်တန်း ကိုကင်းထုတ်လုပ်တဲ့ နိုင်ငံတခုအဖြစ် ရှိနေသေးတာ ဖြစ်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံကုမ္ပဏီ PDVSA က အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ဆက်လုပ်ဆောင်နေပြီးတော့ ကိုလံဘီယာ စီးပွားရေးလုပ်ငန်းရှင် အလ်ဗာရို ပူလီဒိုကို ဗင်နီဇွဲလားအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
ပူလီဒို ဟာ ဘဏ္ဍာရေးအော်ပရေတာတစ်ဦးဖြစ်ပြီး PDVSA မှာ အကျင့်ပျက်ခြစားမှုစွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတဲ့ ဥပဒေပြုအမတ် ဟဂ်ဘဲလ်ရိုဝါ နဲ့ ဆက်နွှယ်နေကြောင်း ဗင်နီဇွဲလားရဲ့ ဆက်သွယ်ရေးဝန်ကြီးက ဧပြီလ ၁၄ ရက် သောကြာနေ့မှာ ပြောပါတယ်။ ဆက်သွယ်ရေးဝန်ကြီး ဖှရဒ်ဒီ နာနဇ် က တွစ်တာမှာ ရေးသားခဲ့ပါတယ်။
သမ္မတနီကိုးလပ်စ်မာဒူရိုရဲ့ အစိုးရဟာ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်တွေအပေါ် ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်နေတာကြောင့် မကြာသေးခင် ရက်သတ္တပတ်တွေအတွင်း ဒါဇင်နဲ့ချီတဲ့ ဖမ်းဆီးမှုတွေ ရှိခဲ့တာပါ။
PDVSA နဲ့ တခြားအများပိုင်ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ထားတဲ့ လူ ၅၀ ကျော်ကို ဖမ်းဆီးထားပြီးဖြစ်ပါတယ်။
ပူလီဒိုဟာ တခြားသူ ၆ ဦးနဲ့အတူ ထိန်းသိမ်းခံခဲ့ရပြီး တရားရုံးရှေ့မှောက်မှာ အမှုစွဲဆို ခံထားရကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားကထုတ်လွှင့်ပြသတဲ့ရုပ်ပုံတွေမှာ မြင်တွေ့ရပါတယ်။ သူတို့အပေါ် စွဲချက်တွေတော့ မတင်ထားရသေးပါဘူး။ ပူလီဒိုကို အမေရိကန်က ငွေကြေးခဝါချမှု စွပ်စွဲချက်နဲ့ ဖမ်းဆီးခြင်း သို့မဟုတ် ပြစ်ဒဏ်ချမှတ်ခြင်း လုပ်လို့ရမယ့် အချက်အလက်တွေအတွက် ဆုကြေးငွေ ဒေါ်လာ ၁၀ သန်းအထိ ကမ်းလှမ်းထားပြီး တရားစွဲဆိုခံနေရတာလည်း ဖြစ်ပါတယ်။