ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲရှိ စီစီဝမ်တောင်ပေါ်မှာ ကိုးကန့် MNDAA တပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ဧပြီ ၄ ရက်မနက်က တိုက်ပွဲတွေထပ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ ကိုးကန့်သတင်းရင်းမြစ်ကနေ သိရပါတယ်။
ဟူဂန့်တောင် (စီစီဝမ်တာဘန်တောင်)မှာ မနက်ပိုင်း ၈ နာရီခွဲလောက်က တိုက်ပွဲတကြိမ်၊ နေ့လယ် ၁၂ နာရီကနေ ၁ နာရီ ခွဲဝန်းကျင် အထိ ၁ ကြိမ် နှစ်ကြိမ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ရှေ့တန်းသတင်းရင်းမြစ် ၁ ဦးက " ရွာဘက်တော့ မဟုတ်ဘူး။ ရင်ကွဲတောင်၊ မုံးပေါ်ဘက်ခြမ်း၊ ကိုးကန့်တွေနဲ့ပဲ။ မနေ့က ကိုးကန့်တွေထဲမှာ KNO တွေပါတယ်။ ဒီနေ့တော့ ကွတ်ခိုင်လမ်းဘက် အခြေအနေ နည်းနည်းရှုပ်နေတယ်။" လို့ ပြောပါတယ်။
အဆိုပါ တိုက်ပွဲကြောင့် နှစ်ဖက်တပ်တွေ ထိခိုက်ကျဆုံး ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။
ဧပြီလ ၄ ရက် မနက်အစောပိုင်းတော့ စီစီဝမ်တာဘန်တောင်ခြေ ဟူဂန့်ရွာနားမှာ တိုက်ပွဲ အတော်ကြာ ပြင်းထန်ဖြစ်ပွားခဲ့ပြီး မိုင်ဖန်ဘက်ရှိ စစ်ကောင်စီတပ်ကနေ နေ့လယ် ၂ နာရီလောက် အထိလက်နက်ကြီးပစ်ကူနေတယ်လို့ ဒေသခံရွာသား တယောက်က ပြောပါတယ်။
"ခြံနားမှာ တိုက်ပွဲတအားဖြစ်လာလို့ အရမ်း ကြောက်လန့် တုန်လှုပ်သွားတယ်။"လို့ ခြံမှာ အလုပ်လုပ်နေတဲ့ လုပ်သားတယောက်က ပြောပါတယ်။
လတ်တလော မုံးပေါ်ဒေသနေရာ တော်တော်များများနဲ့ စီစီဝမ်တောင်ကြော တလျှောက်ပါ ခပ်စိပ်စိပ် တိုက်ပွဲတွေ ဖြစ်လာနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဧပြီ ၃ ရက်ကလည်း မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) တပ်မဟာ ၅၁၁ နဲ့ စစ်ကောင်စီတပ်မ ၉၉ တပ်ရင်း ၄၂၀ တို့အကြား ဟူဂန့်ကျေးရွာနဲ့ စီစီဝမ်တာဘန်တောင်ကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့သလို မတ်လ ၃၀ ရက်မှာလည်း မန်ကျမ်ရွာအနီးက မုန်းနွယ်ခူးမှာ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ကိုးကန့်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ဒုတိယပတ်လောက်ကစပြီး လက်ရှိအချိန်အထိ မုံးပေါ်ဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ KIA ၊ MNDAA တို့အကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီး ကုန်းဆာ ကချင်ရွာနဲ့ ပန်ဆေး ပလောင်ရွာကြားမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ ဇန်နဝါရီ ၂၇ ရက်နေ့ ညနေ ၄ နာရီကနေ ၅ နာရီလောက်အထိ နှစ်ဖက် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တပ်တို့ ပန်ဆေးပလောင်ရွာ နဲ့ ကုန်းဆာကချင်ရွာကြားမှာ တိုက်ပွဲဖြစ်နေပြီး ၂၄၁ စစ်တပ်ကနေ ညနေကတည်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ကွတ်ခိုင်မြို့ပြင် နေထိုင်သူတဦးက ပြောပါတယ်။”
“သေနတ်သံ နီးနီးလေး ဖြစ်နေတာတော့ ကြားပေမယ့် ဘယ်ဘက်မှန်းမသိဘူး။ ကာလိုင် ဘက်ထင်နေတာ မဟုတ်ဘူး။ ကုန်းဆာနဲ့ ပန်ဆေးကြားမှာ ဖြစ်နေတာ။ ကျနော်တို့ဆီကနေ လက်နက်ကြီးရော၊ လက်နက်သေးရော ၄ နာရီ ကျော်လောက်ကတည်းက ၅ နာရီ ဝန်းကျင်ထိ ကွတ်ခိုင် အမြှောက်တပ်ကနေ လက်နက်ကြီးပစ်ကူသံတွေ တဒုန်းဒုန်းကြားရတယ်။ မြို့ပြင်ဘက်ဆိုတော့ လက်နက်သေးက နည်းနည်းဝေးတော့ အသံကြားလိုက်၊ မကြားလိုက် သိပ်မကြည်ဘူး။"
တိုက်ပွဲတွေကြောင့် ကျေးရွေဒေသခံအချို့ ဗုံးခိုကျင်းမှာ ပုံးအောင်နေကြရပြီး ထိခိုက်မှုကိုတော့အတိအကျ မသိသေးဘူးလို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။
စစ်ရှောင်တဦးကလည်း “အဲဒီရွာတွေက ခဏခဏ တိုက်ပွဲဖြစ်လို့ စုစည်းရွာမှာပဲ စစ်ရှောင်နေကြရတယ်။ ပန်ဆေးနားက မန်ပြိန်းရွာဘက် သွားတဲ့ လမ်းခွဲမှာ IDPs Camp ရှိတယ်။ စုစည်းရွာပေါ့။ ခုက ရွာတောင် ဖြစ်သွားပြီ။ ကုန်းဆာမှာက ကချင်တွေ ၁၅ အိမ်လောက်တော့ရှိ အုံးမယ်။ မနေ့ညနေတော့ ရှောင်ရမယ်။ ရွာဟောင်းတော့ မဟုတ်ဘူး။ ဖြည်းဖြည်းချင်း ရွာက ပျက်သလို ဖြစ်သွားတာ။ အရင် ကတည်းက ရှောင်ရတာပဲ" လို့ ပြောပါတယ်။
ကွတ်ခိုင်၊ တာမိုးညဲ နဲ့ သိန္နီ၊ ဟိုပန် နယ်မြေဒေသအတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင် ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ လက်ရှိ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
စစ်ကောင်စီဘက်က အခုရက်ပိုင်းအတွင်း မြောက်ပိုင်းဒေသကို အင်းအားဖြည့် စစ်ကြောင်းတွေ အဆက်မပြတ် ထိုးစစ်ဆင်နေသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း ပြောက်ကျား စစ်ဆင်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ သိန္နီပြည်သူ့ကာကွယ်ရေတပ်ဖွဲ့က လူမှုကွန်ယက်က တဆင့် အများပြည်သူကို အသိပေးထားပါတယ်။
ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ်၊ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ မြောက်ပိုင်း မဟာမိတ်ညီနောင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ လှုပ်ရှားသွားလာရာဒေသဖြစ်ပြီး စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာပါ။