မန္တလေးတိုင်း၊ မတ္တရာမြို့နယ် မင်္ဂလာသီရိကျေးရွာနဲ့ လွန်တောင်းကျေးရွာကြားမှာ စစ်ကောင်စီတပ် မိုင်းဆွဲခံခဲ့ရပြီးတဲ့နောက် သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ သားအမိနှစ်ဦးနဲ့ အမျိုးသားတစ်ဦး ကျည်ထိမှန်ခဲ့ပြီး ကိုးနှစ်အရွယ်ယောကျာ်းလေး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၃ ရက်နေ့ နေ့လယ် ၁ နာရီလောက်က အင်အား ၁၀၀ လောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“ရမ်းပစ်တာ သုံးယောက်ထိတယ်။ ကိုးနှစ်သားလေးကတာ့ ဆုံးတယ်၊ အမေဖြစ်သူကတော့ မစိုးရိမ်ရဘူး ဒဏ်ရာက။ နောက်တစ်ယောက်ကလည်း ဒဏ်ရာရတယ် သူတို့ကလည်း မတ္တရာဆေးရုံမှာပဲရှိတယ်၊ ဒီလောက်ပဲ သိရတယ်” လို့ မတ္တရာဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့လကလည်း မတ္တရာမြို့နယ်၊ သပြေပင်ကုန်းကျေးရွာနဲ့ မြောင်းသစ်ကျေးရွာအနီး၊ ကားလမ်းပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူတစ်ဦးရဲ့ လည်ပင်းရှပ်မှန် ဒဏ်ရာရခဲ့သလို တစ်ဦးက ဝမ်းဗိုက်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။