close

ကိုးသောင်းပုထိုးတော်ကြီး

close

October 30, 2021

မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသက ကိုးသောင်းပုထိုးတော်ကြီး (ဓာတ်ပုံ)

ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းသမိုင်းဝင်ဒေသတစ်ခုဖြစ်တဲ့ မြောက်ဦးရှေးဟောင်းယဥ်ကျေးမှု နယ်မြေကို ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊သိပ္ပံနှင့်ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (UNESCO)ရဲ့ အသိအမှတ်ပြု ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ရေး တာဝန်ရှိသူတွေ ကြိုးစားဆောင်ရွက်နေကြပါတယ်။

မြောက်ဦးဒေသရှိ နန်းတော်ရာကုန်း၊ မြို့ရိုးတံတိုင်းတွေ၊ ခံတပ်တွေ၊ ကျုံးတွေအပြင် ဘုရင်တွေ တည်ထားကိုးကွယ်ခဲ့တဲ့ ဘာသာရေးအဆောက်အအုံတွေ၊ စေတီပုထိုးတွေလည်း အမြောက်အမြား တည်ရှိနေတာပါ။

မြောက်ဦးဒေသမှာ ရှေးဟောင်းရေအသုံးချမှုစနစ် (Ancient Hydrological System)၊ ရှေးဟောင်းခံတပ်တည်ဆောက်မှုစနစ် (Ancient Fortification System)၊ သဘာဝအမွအနှစ်များ (Natural Heritages)၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ (Intangible Cultural Heritage)၊ ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များ(Tangible Cultural Heritages) စုစည်းရောနှောနေပြီး မြောက်ဦးမြို့ နန်းတော်ရာကုန်းရဲ့  အရှေ့ဘက် တစ်မိုင်ခွဲခန့်အကွာမှာ တည်ရှိတဲ့ ကိုးသောင်းပုထိုးတော်လည်း ပါဝင်တာဖြစ်ပါတယ်။

ကိုးသောင်းပုထိုးတော်ကို အေဒီ ၁၅၅၃-၁၅၅၆ ခုနှစ်အတွင်း ရခိုင်ဘုရင် မင်းတိက္ခာက တည်ထား  ကိုးကွယ်ခဲ့တာဖြစ်ပါတယ်။ ဘုရင်မင်းတိက္ခာကတော့ သျှစ်သောင်းပုထိုးတော်ကြီးကိုတည်ထားခဲ့တဲ့ ဘုရင်၏ သားတော်ဖြစ်ပါတယ်။

ဒီဒေသမှာ မကြာသေးခင်နှစ်တွေတုန်းကတော့ တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားခဲ့ပြီး ရှေးဟောင်းဘုရားတွေလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ထံက သိရပါတယ်။

မြောက်ဦးဒေသခံ ကိုဇော်ထွန်းက ''တိုက်ပွဲစဖြစ်ခါစ ၂၀၁၉ အစောပိုင်းကဆိုရင် တစ်ရက်ကို ပျမ်းမျှ လက်နက်ကြီးအလုံး လေးငါးဆယ်ပစ်တယ်။  အဲဒီလိုပစ်ခတ်မှုတွေကြောင့် ကိုးသောင်းပုထိုးမှာဆိုရင် ကွဲအက်မှုတွေဖြစ်သွားတာရှိတယ်။'' လို့  MPA ကို ပြောပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ရှေးဟောင်းဘုရားပုထိုးတချို့ ပြုပြင်ထိန်းသိမ်းမှု အားနည်းနေတဲ့အတွက် ပျက်စီးယိုယွင်းမှုတွေလည်း ရှိနေပါတယ်။

“တခြားရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွေမှာ ကတုတ်ကျင်းတူးတာတွေ တပ်စွဲတာ တွေရှိတယ်။ ပျက်စီးမှုတွေကတော့ တော်တော်များများရှိနေတယ်”လို့ ကိုဇော်ထွန်းက ဆက်ပြောပါတယ်။ 

မြောက်ဦးယဉ်ကျေးမှုဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးအဆိုပြုလွှာမူကြမ်းကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့က ယူနက်စကို ဌာနချုပ်သို့ တင်သွင်းခဲ့ပြီး အဆိုပြုလွှာအချောသတ်ကို ၂၀၂၀  ပြည့်နှစ် ဇန်နဝါရီလမကုန်မီက တင်သွင်းရမှာဖြစ်ပေမဲ့  စစ်ပွဲတွေကြောင့်  ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလသို့ ရွှေ့ဆိုင်းခဲ့ရပါတယ်။

အဆိုပြုလွှာအချောသတ်တင်ဖို့ တိုက်ပွဲနဲ့ ကိုဗစ်ရောဂါကြောင့် နောက်ဆုတ်ထားရာမှ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့က ပြန်လည်တင်သွင်းလိုက်ကြောင်းကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနကနေ သိရပါတယ်။

အဆိုပြုလွှာမူကြမ်းကို ပြင်သစ်နိုင်ငံ ကမ္ဘာ့အမွေအနှစ်ကော်မတီထံသို့ ယခုလ ဒုတိယအပတ်က ရောက်ရှိသွားပြီဖြစ်ပေမဲ့  လုပ်ဆောင်စရာတွေကတော့  ကျန်သေးတယ်လို့  သိရပါတယ်။

Photo-  Kaung Mrat Naing / MPA

12 hours Ago
Up