close

ကုန်စျေးနှုန်း

close

February 28, 2023

ရေးမြို့နယ်တွင် ပုစွန်ခြောက်စျေး အဆမတန်မြင့်တက်နေ

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ပုစွန်ခြောက်စျေးတွေ အဆမတန် မြင့်တက်လာတာကြောင့် စားသုံးသူတွေ စျေးကြီးပေး ဝယ်ယူစားသုံးနေရတယ်လို့ အိမ်ရှင်မတွေက ပြောပါတယ်။

စားသုံးသူတဦးက “အရင်က ပုစွန်ခြောက်ရှယ် ၁ ပိဿာ စျေးမှ ကျပ် ၃၀,၀၀၀ ဝန်းကျင်လောက် ရှိတဲ့ဟာ အခုစျေးက ကျပ် ၅၀,၀၀၀ ကျော်အထက်မှာ ရှိနေတယ်။ ၁၀,၀၀၀ ကျော်လောက်အထိ တက်သွားတယ်။ တခြား ပုစွန်ခြောက်တွေအပြင် ငါးခြောက်စျေးတွေလည်း ခါတိုင်းထက် ၅,၀၀၀ တန်တဲ့ ငါးခြောက်စျေးတွေ ထက်ဝက်နီးပါးလောက်ကို တက်သွားတယ်” လို့ ပြောပါတယ်။

အခုက အလုပ်တွေလည်း ရှားပါးနေတဲ့အချိန် ကုန်စျေးနှုန်းတွေကလည်း ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်တွေပါ အကုန်တက်ပြီး သားငါး ဟင်းသီးဟင်းရွက်ကအစ တက်သွားတဲ့အတွက် ဝင်ငွေနဲ့ထွက်ငွေ မမျှတဘူးလို့ အိမ်ရှင်မတွေက ဆိုပါတယ်။

ရေလုပ်ငန်းရှင်တယောက်က “ရေလုပ်ငန်းတခု လည်ပတ်ဖို့က စက်သုံးဆီ၊ ပင်လယ်ရေထွက် ကုန်ကြမ်းပစ္စည်းတွေ၊ ငါးဖမ်းကိရိယာတွေ၊ လုပ်သားစားစရိတ်တွေက အရင်ကထက် ပိုမိုအကုန်အကျ များလာသလို ငါးတွေပါ ဖမ်းမရလာတဲ့အချိန်ဆို ကျပ်ရာထောင်နဲ့ချီ ဆုံးရှုံးတာလည်း ရှိတယ်” လို့ ပြောပါတယ်။

ငါးကုန်ကြမ်းတွေကအစ ရှားပါးလာတာရယ် ငါးစို၊ ငါးခြောက်စျေးတွေပါ အမြင့်စျေးတွေနဲ့ ရောင်းရပေမဲ့ ငါးစို၊ ငါးခြောက်စျေးကွက်အတွင်းမှာ အခုချိန်က လမ်းခရီးက အရင်လို အဆင်မပြေတဲ့အတွက် အရောင်းအဝယ်ကပါ အေးနေတယ်လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ရေးမြို့နယ်ကို စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ပြီးတဲ့နောက် တပိုင်တနိုင် ညစျေးသမားတွေလည်း အလုပ်ရပ်နားထားရသလို စစ်ကောင်စီဘက်က ဒေသခံတချို့ကို ဖမ်းဆီးတာတွေ ရှိလာနေပါတယ်။

16 mins Ago

November 10, 2022

ရေးမြို့တွင် ကြက်သွန်နီစျေး စံချိန်တင်မြင့်တက်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ကြက်သွန်နီ ၁ ပိဿာ ကျပ် ၅,၀၀၀ အထိ စံချိန်တင် စျေးတက်သွားခဲ့တယ်လို့ အိမ်ရှင်မတွေက ပြောပါတယ်။

အိမ်ရှင်မတယောက်က “အခု ကြက်သွန်နီစျေးက ၁ ပိဿာ ကျပ် ၅,၀၀၀ အထိ ဖြစ်သွားတယ်။ ပြီးခဲ့တဲ့ရက်တွေကတော့ ကျပ် ၃,၀၀၀ ကျော်ကနေ အခု တကျော့ပြန်တက်တာ။ ဒါက အမြင့်ဆုံးစျေးနဲ့ဆို ခါတိုင်းလို မဝယ်စားနိုင်ဘူးလေ” လို့ ပြောပါတယ်။

သာမန်လက်လုပ်လက်စားအိမ်ရှင်မတယောက်ကလည်း “အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ဟင်းသီးဟင်းရွက်၊ သားငါးတွေက အစ စျေးတွေကြီးမြင့်လာတော့ ရတဲ့ဝင်ငွေနဲ့ ဘယ်လိုမှ မလုံလောက်ကြဘူး။ ဒီအတိုင်းဆက်သွားရင် လူတွေ အလုပ်ကလည်းမရှိ၊ ကုန်စျေးနှုန်းကလည်း ကြီးတာကြောင့် ငတ်ပြတ်ပြီး သေကုန်မှာပဲ” လို့ ပြောပါတယ်။

အခုလို မြန်မာငွေတန်ဖိုးလည်း ကျဆင်းလာပြီး ပြည်တွင်းထုတ်ကုန်သာမက ပြည်ပကလာတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူရောင်းရချရာမှာ လာတဲ့စျေးကတက်တော့ စျေးတင်ပြီး ရောင်းရတယ်လို့ စျေးသည်တယောက်က ပြောပါတယ်။

ကုန်စျေးနှုန်းတွေ တနေ့တခြား ကြီးမြင့်လာတဲ့အပေါ် စစ်ကောင်စီလက်အောက်ခံ သက်ဆိုင်ရာ အဖွဲ့စည်းတွေက မြေပြင်အ​ခြေအနေမှာ ​ကြီးကြပ်ကွင်းဆင်းစစ်ဆေးတာတွေ မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ စားသုံးသူတွေက ဆိုပါတယ်။

စစ်အုပ်စုခေါင်းဆောင်ကတော့ စီးပွားရေးတွေ ပြန်လည်ဦးမော့အောင် လုပ်ဆောင်မယ်လို့ ပြောဆိုထားပေမဲ့ ဒီနေ့အထိ ကုန်စျေးနှုန်းကြီးမြင့်တဲ့ဒဏ်ကိုသာ ခံစား​နေရတာပါ။

ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းလာတာနဲ့အမျှ နိုင်ငံရေးပဋိပက္ခတွေ ပိုမိုကြီးထွားလာခဲ့တာကြောင့် အိုးအိမ်စွန့်ခွာခဲ့ရတဲ့သူနဲ့ ပြည်ပမှာ သွားရောက်လုပ်ကိုင်ကြတဲ့ သူတွေ သန်းနဲ့ချီ ရှိတယ်လို့ ဆိုပါတယ်။

4 months Ago
Up