ရန်ကုန်မြို့အဝင် ထန်းတပင်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ကုန်ကားမောင်းသူတွေထံက အဓမ္မပိုက်ဆံတောင်းရမ်းနေသလို မရပါက ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားနေတယ်လို့ ကုန်တင်ကားမောင်းသူတွေဆီက သိရပါတယ်။
ကုန်ကားမောင်းသူတွေဟာ ဧရာဝတီတိုင်းကနေ ဖြတ်လာပြီး ရန်ကုန်မြို့အဝင် ထန်းတပင်စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းတဲ့အချိန်မှာ ငွေကြေးအဆမတန်ပေးရတယ်လို့ ကန်ကြီးထောင်မြို့က ကုန်တင်ယာဉ်မောင်းတဦးက ပြောပါတယ်။
"လိုင်စင်ပါတယ်၊ Wheel Tax ပါတယ်၊ ကိုဗစ်စာရွက်ရော ထောက်ခံစာရောပါတယ်။ မရဘူး ပိုက်ဆံကို မရမက တောင်းတာ၊ အနိမ့်ဆုံး သုံးထောင်ပေးရတယ်။ ပေးရတာပြဿနာမဟုတ်ဘူး၊ ဆဲဆိုတာ ငါနဲ့ကိုင်တုတ်တာ။”
ငွေကြေးမရပါက ကိုယ်ထိလက်ရောက်ကျူးလွန်လာတာအပြင် ဓားနဲ့ထိုးတဲ့အဆင့်ထိပါ စစ်ကောင်စီတပ်က ကျူးလွန်လာလို့ ကုန်ကားမောင်းသူတချို့ အလုပ်မှရပ်နားသွားတယ်လို့ ယာဥ်ပိုင်ရှင်တဦးက ပြောပါတယ်။
"ကျမတို့ကုန်ကားဆိုရင် တညင်းကုန်းကို ကုန်ပစ္စည်းတွေပို့တာ ကုန်တွေကို လှန်လှောကြည့်ပြီး မှန်ကန်နေတာတောင် ပိုက်ဆံမရလို့ ယာဥ်မောင်းကို စစ်သားက ဓားနဲ့ထိုးဖို့လုပ်တာ၊ မနည်းတောင်းပန်လို့ ပါးပဲရိုက်လိုက်တာ။ အခုအိမ်က ယာဥ်မောင်းဆို ထန်းတပင်ဂိတ်ကိုကြောက်ပြီး အလုပ်နားသွားပြီ။"
ဘုရင့်နောင်ပွဲရုံ ကုန်သွားပို့ရာမှာ ကုန်ပစ္စည်းတွေကို ဖွင့်ပြရပြီး ဥပဒေနဲ့အညီ လုပ်ကိုင်နေတဲ့ ကုန်ကားမောင်းသူတွေဆီကလည်း စစ်ကောင်စီတပ်နဲ့ရဲက ပိုက်ဆံကို လှည့်ပတ်တောင်းရမ်းတယ်လို့ ညောင်တုန်းမှာ နေထိုင်သူတဦးက ပြောပါတယ်။
"စစ်ဆေးတာမှန်နေရင်တောင် စစ် (--) တွေက မရဘူး၊ ဖုန်းကိုယူပြီး စစ်တယ်၊ သတင်းဌာနတွေက သတင်းတွေကို ရှဲလ်ထားရင် ပါးခေါ်ရိုက်တယ်။ ပိုက်ဆံသိန်းနဲ့ချီ တောင်းတယ်။”
ဒီလိုစစ်ကောင်စီတပ်က ပြုမူတာတွေကို အရပ်သားပြည်သူတွေအပြင် စစ်မှုထမ်းဟောင်းတွေလည်း ခံနေရတာလို့ အငြိမ်းစားတပ်ကြပ်ကြီးတဦးက ပြောပါတယ်။
"ယူနီဖောင်းဝတ်ထားပြီး ရှက်ဖို့ကောင်းတယ်။ သူတောင်းစားပုံစံဖြစ်နေပြီ၊ စစ်တပ်က တိုင်လည်း အလကားပဲ၊ လက်ရှိမှာ သူကတာဝန်နဲ့ ကိုယ်ကတာဝန်မဲ့နေတယ်။”
စစ်တပ်အာဏာသိမ်းပြီးနောက် မြို့အဝင်ဂိတ်တွေမှာ စစ်ဆေးရေးယူရတဲ့ စစ်ကောင်စီတပ်သားတွေဟာ အိမ်တွေ ခြံတွေ ဝယ်နိုင်ပြီး ကုန်ကားမောင်းနှင်သူတွေကတော့ အလုပ်လက်မဲ့ ဖြစ်သွားတဲ့သူတွေ အများကြီးရှိပါတယ်။
ရိုမေးနီးယားရဲ့မြို့တော် ဘူခါရက်စ်မှာ ကုန်တင်ကားမောင်းသူ အယောက် ၁၀၀ လောက်ဟာ ဗစ်တိုးရီးယားရင်ပြင်မှာ ထရပ်ကားတွေကို ရပ်ထားပြီး မဖြစ်မနေပေးသွင်းရမယ့် အာမခံပေါ်လစီကြေးတွေနဲ့အခွန်ပေးဆောင်ရမှုတွေ တရိပ်ရိပ်တိုးလာတဲ့အပေါ် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
မေလတုန်းက ရိုမေးနီးယားရဲ့ အခွန်အကောက်စောင့်ကြည့်အဖွဲ့က ယာဉ်မောင်းတွေရဲ့ နေ့စဉ်လုပ်ခကို ၀င်ငွေခွန်ဆောင်ရဖို့နဲ့ ဝင်ငွေတွေအပေါ်မှာလည်း နောက်ကြောင်းပြန် ၅ နှစ် အတွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို အခွန်ဆောင်စေဖို့ ဆုံးဖြတ်ခဲ့တာပါ။
ပျမ်းမျှအားဖြင့် ယာဉ်မောင်းတစ်ဦးဟာ နောက်ကြောင်းပြန်အခွန် ယူရို ၉ သောင်းအထိ ပေးဆောင်ရနိုင်တယ်လို့ UNTRR အမျိုးသားပို့ဆောင်ရေး အလုပ်ရှင်များအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ရာဒူဒီနက်စ်ကူက ပြောပါတယ်။
ဆန္ဒပြမှုတွေမတိုင်မီ စက်တင်ဘာ ၂၈ ရက်နှောင်းပိုင်းကတော့ အာဏာရလစ်ဘရယ်ပါတီဟာ နောက်ကြောင်းပြန်အခွန်ပေးဆောင်မှုကို ဖယ်ရှားမယ့် ဥပဒေမူကြမ်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။
ရိုမေးနီးယားမှာတော့ ပြည်တွင်းအခွန်ကိစ္စကို ဆန့်ကျင်ဆန္ဒပြနေချိန်မှာ ဗြိတိန်မှာ တစ်ပတ်လုပ်ခ ပေါင် ၁၀၀၀ ကျော်ရဖို့ အဆိုပြုထားပြီး နိုင်ငံခြားသား ယာဉ်မောင်းတွေကို ကာလတိုဗီဇာနဲ့ အလုပ်လုပ်ခွင့်ပြုမယ့် ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ရဲ့ အဆိုပြုချက်ဟာ ကုန်တင်ကားမောင်းသူတွေကို အတော်ကြီး ဆွဲဆောင်နေတဲ့ အစီအစဉ် ဖြစ်တယ်လို့ ရိုမေးနီးယား ကုန်ကားမောင်းသမားတွေက ပြောပါတယ်။
ဗြိတိန်မှာ ကုန်တင်ထရပ်ကားမောင်းသူ ၁ သိန်းလောက် ရှားပါးမှု၊ စက်ရုံလုပ်သား ၁ သိန်းလောက် ထွက်ခွာမှု၊ ဘရက်ဆစ်နဲ့ ကိုဗစ် အရေးတွေကြောင့် နိုင်ငံတစ်ဝှမ်းရှိမြို့ကြီးများမှာ စတိုးဆိုင်တွေ ပစ္စည်းပြတ်ကုန်ပြီး ဓာတ်ဆီဆိုင်တွေမှာလည်း ခြောက်သွေ့နေတာပါ။
ဒါကိုတုံ့ပြန်တဲ့အနေနဲ့ ဗြိတိန်အစိုးရဟာ နိုင်ငံခြားထရပ်ကားမောင်းသူ ၅၀၀၀ အတွက် ယာယီဗီဇာ ထုတ်ပေးဖို့ စီစဉ်နေပါတယ်။