ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ခရေပင်လမ်းမ၊ အစာစက်မှတ်တိုင်အနီးမှာ မေ ၅ ရက် နေ့လယ်ပိုင်းက ကုန်တင်ကား ၂ စီး မျက်နှာချင်းဆိုင် တိုက်မိပြီး လူ ၁ ဦးသေဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
မနေ့ နေ့လယ် ၁ နာရီ ၅၀ မိနစ်လောက်က တညင်းကုန်းဘက်ကနေလာတဲ့ ကုန်တင် ၂၂ ဘီးကားနဲ့ မင်္ဂလာဒုံခရေပင်လမ်းခွဲကနေ မောင်းလာတဲ့ ၁၂ ဘီးကားတို့ အစာစက်ကွေ့မှာ အရှိန်လွန် တိုက်မိ ကြတာပါ။
အင်းစိန်အခြေစိုက် ကယ်ဆယ်ရေးအသင်း တာဝန်ခံတဦးက " ၂၂ ဘီးနဲ့ ၁၂ ဘီး ဝင်တိုက်မိကြတာ၊ ကားနှစ်စီစလုံး ခေါင်းကြေမွ အမိုးတွေ လန်သွားတယ်။ ကားသမားတစ်ယောက်ကို အနီရောင် အဆင့်နဲ့ ဆေးရုံပို့နေတုန်း အရောင်ပြောင်းသွားတယ်။ လူနာက ၄ ယောက် ထွက်ပါတယ်"လို့ ဆိုပါတယ်။
ယာဉ်တိုက်မှုကြောင့် ကုန်တင် ၂၂ ဘီးကား ယာဉ်မောင်း အမျိုးသားမှာ ကားထဲ ညှပ်နေပြီး လူ ၄ ဦးပါ ၁၂ ဘီးကားက အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကားထဲညှပ်နေတဲ့ ၂၂ ဘီး ယာဉ်မောင်းအမျိုးသားကို မင်္ဂလာဒုံနဲ့ အင်းစိန်မီးသတ်ဌာန၊ ကယ်ဆယ်ရေးအသင်းတွေက ကယ်ထုတ်နိုင်ခဲ့ကြပြီး စိုးရိမ်ရလူနာအဖြစ် အင်းစိန်ဆေးရုံကြီးကို ပို့ဆောင်နေချိန် လမ်းမှာ သေဆုံးသွားပါတယ်။
အဲဒီညပိုင်း ၈ နာရီ ၁၀ မိနစ်ခန့်မှာပဲ မင်္ဂလာဒုံမြို့နယ် ရန်ကုန်- ပြည်လမ်း၊ ရွှေညောင်ပင်အနားမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁ ဦးကို မင်္ဂလာဒုံနဲ့ ပုလဲအရန် မီးသတ်တပ်ဖွဲ့တို့က ကူညီကယ်ဆယ်ခဲ့ကြတယ်လို့ သိရပါတယ်။
မက္ကဆီကိုနိုင်ငံအရှေ့ပိုင်း ဗီရာခရုဇ်ပြည်နယ်မှာ စွန့်ပစ်ထားတဲ့ နောက်တွဲပါ ကုန်တင်ကားထဲကနေ ဂွါတီမာလာနိုင်ငံက အဖော်မပါ၊ အရွယ်မရောက်သေးသူ ၁၀၃ ဦးကို မက္ကဆီကို အာဏာပိုင်တွေက တွေ့ရှိခဲ့ကြောင်း အစိုးရက မတ် ၆ ရက်မှာ ပြောလိုက်ပါတယ်။
ဒါဟာ မက္ကဆီကိုကို ဖြတ်ပြီး သွားလာနေတဲ့ ရွှေ့ပြောင်းကလေးတွေကို လတ်တလော ရှာဖွေတွေ့ရှိမှု အကြီးမားဆုံးပမာဏ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကလေး ၁၀၃ ဦးအပြင် နောက်တွဲယာဉ်ထဲမှာ ဂွါတီမာလာ၊ ဟွန်ဒူးရပ်စ်၊ အယ်လ်ဆာဗေးဒိုးနဲ့ အီကွေဒေါတို့က အရွယ်ရောက်ပြီးသူ ၂၁၂ ဦးတို့နဲ့အတူ ဂွါတီမာလာနဲ့ အယ်လ်ဆာဗေးဒိုး နိုင်ငံတို့မှ မိသားစုဝင် ၂၈ ဦးတို့ကိုလည်း တွေ့ရှိခဲ့ရကြောင်း အမျိုးသား ရွှေ့ပြောင်းနေထိုင်ရေး ဆိုင်ရာ အဖွဲ့အစည်း (INM) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာပိုင်တွေဟာ အဝေးပြေးလမ်းမပေါ်မှာ ယာဉ်မောင်းမပါရှိတဲ့ နောက်တွဲယာဉ်ကို တွေ့ရှိရတာဖြစ်ကြောင်း INM က ပြောပါတယ်။
နောက်တွဲယာဉ်ကို ပန်ကာတွေတပ်ထားပြီး လေဝင်လေထွက်ရှိအောင် အမိုးတစိတ်တပိုင်း ထုတ်ထားတဲ့အပြင် နောက်တွဲယာဉ်အတွင်းပိုင်းမှာ ၂ ထပ်ကန့်ပြီး ဖန်တီး တည်ဆောက်ထားပါတယ်။
ကလေးငယ်တွေကို ဗီရာခရုဇ်ရဲ့ မိသားစုစောင့်ရှောက်ရေးစနစ်မှာ ထိန်းသိမ်းထားမှာဖြစ်ပြီး တခြားရွှေ့ပြောင်းနေထိုင်သူတွေကိုလည်း မက္ကဆီကိုမှာ သူတို့ရဲ့ တရားရေးအခြေအနေကို ဆုံးဖြတ်ဖို့ စီမံဆောင်ရွက်သွားမှာဖြစ်ကြောင်း INM က ပြောပါတယ်။
အခုနှစ် အစောပိုင်းတုန်းကလည်း မက္ကဆီကိုအာဏာပိုင်တွေဟာ ဂွါတီမာလာက အဖော်မပါတဲ့ အရွယ်မရောက်သေးသူ ၅၇ ဦးကို အမေရိကန်-မက္ကဆီကို နယ်စပ်အနီးရှိ စစ်ဆေးရေးဂိတ်တခုမှာ တွေ့ရှိခဲ့ပြီး တောင်ပိုင်း ချီယာပါစ်ပြည်နယ်မှာလည်း ဗဟိုအမေရိကမှ အများစုပါဝင်တဲ့ အုပ်စုတစုထဲမှာ တခြား အရွယ်မရောက်သေးသူ အယောက် ၂၀ ကို တွေ့ရှိခဲ့ပါသေးတယ်။