close

ကုန်တင်သင်္ဘော

close

January 25, 2023

မြန်မာသင်္ဘောသားများ လိုက်ပါလာသည့် ကုန်တင်သင်္ဘော နစ်မြုပ်၊ ဂျပန်နှင့် ကိုးရီးယား ပူးပေါင်းရှာဖွေကယ်ဆယ်နေ

ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံအကြား အရှေ့တရုတ်ပင်လယ်ပြင်မှာ မြန်မာသင်္ဘောသားတွေအပါအဝင် ၂၂ ဦးပါသွားတဲ့ ကုန်တင်သင်္ဘောတစီး ဇန်နဝါရီ ၂၃ ရက် မနေ့ညက နစ်မြုပ်သွားရာမှာ ၁၄ ဦးကို ပြန်ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ရှာဖွေနေပါတယ်။

တန်ချိန် ၆၅၅၁ တန်ရှိ  ဟောင်ကောင်မှတ်ပုံတင်ထားတဲ့ ကုန်တင်သင်္ဘော “Jintian”  ဟာ ကိုရီးယားဒန်ဂျိုကျွန်းရဲ့ အနောက်ဘက် ၆၈ မိုင်၊ ဂျပန်နိုင်ငံ နာဂါဆာကီကမ်းရိုးတန်း အနောက်တောင်ဘက်  မိုင် ၁၀၀ လောက်မှာ နစ်မြုပ်သွားတာလို့ ဂျပန်နဲ့ ကိုရီးယားမီဒီယာတွေက ရေးပါတယ်။

ဟောင်ကောင်မှာ မှတ်ပုံတင်ထားတဲ့ ဒီကုန်တင်သင်္ဘာပေါ်မှာ  တရုတ်သင်္ဘောသား ၁၄ ဦးနဲ့ မြန်မာသင်္ဘောသားက ၈ ဦးလိုက်ပါလာတာလို့ ဂျပန်တာဝန်ရှိသူတွေက ပြောပေမဲ့ ပျောက်ဆုံးနေသူတွေကတော့ ဘယ်နိုင်ငံသားတွေလဲဆိုတာ အသေးစိတ်မသိရသေးပါဘူး။

လက်ရှိအချိန်အထိ သင်္ဘာသား ၁၄ ဦးကို တခြားသင်္ဘောတစီးက ကယ်ဆယ်နိုင်ခဲ့ပြီး ဒီအထဲက ၉ ယောက်ကတော့ သတိလစ်နေဆဲပဲလို့ တာဝန်ရှိသူတွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး တောင်ကိုရီးယား ယွန်ဟတ်သတင်းမှာ ရေးပါတယ်။

ရာသီဥတုဆိုးရွားပြီး သင်္ဘောမှောက်ခဲ့တဲ့နေရာမှာ ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းတွေကို  တောင်ကိုရီးယားနဲ့ ဂျပန် နှစ်နိုင်ငံက လေယာဉ်တွေ၊ သင်္ဘောတွေနဲ့  ပူးပေါင်း ဆောင်ရွက်နေပါတယ်။

သင်္ဘောသားတယောက်က ဘေးအန္တရာယ် ကျရောက်နေတဲ့အကြောင်းနဲ့ သင်္ဘောစောင်းပြီး ရေတွေဝင်လာတဲ့အကြောင်းနဲ့ ဇန်နဝါရီ ၂၄ ရက်နေ့က သတင်းပို့ပြီးနောက် ၄ နာရီလောက်မှာ   “Jintian” ကုန်တင်သင်္ဘော နစ်မြုပ်သွားတာလို့ ကျိုဒိုသတင်းမှာ ဖော်ပြပါတယ်။

သင်္ဘောကပ္ပတိန်က ဂျီဂျုကျွန်းပေါ်ရှိ ကိုရီးယားကမ်းခြေစောင့်တပ်ကို ဂြိုဟ်တုဖုန်းတဲ့ နောက်ဆုံးဆက်သွယ်ခဲ့တာ  ဇန်နဝါရီ ၂၄ ရက် ဒီမနက် ၂ နာရီ ၄၁ မိနစ်မှာ ဖြစ်တယ်လို့ဆိုပါတယ်။

ကိုရီးယားကမ်းခြေစောင့်အဖွဲ့တွေ ရောက်သွားချိန်မှာ သင်္ဘောဟာလုံးလုံးမြုပ်သွားပြီဖြစ်ပြီး ရှာတွေ့ရဲ့ အသက်ကယ်ဘော ၃ ခုနဲ့ သက်ကယ်လှေပေါ်မှာလည်း တယောက်မှ မတွေ့ဘူးလို့ ပြောပါတယ်။

သင်္ဘောနစ်မြုပ်ရတဲ့ အကြောင်းရင်းကို အတိအကျမသိရသေးဘဲ အခင်းဖြစ်တဲ့အချိန်ဟာ ဂျပန်နဲ့ တောင်ကိုရီးယားမှာ နှင်းတွေ အရမ်းကျနေပြီး နေ့အပူချိန်ဟာ ၃ ဒီဂရီလောက်ပဲ ရှိတယ်လို့ သိရပါတယ်။

လေပြင်းတွေတိုက်ခိုက်နေကြောင်း ကင်းလှည့်ရေယာဉ်နဲ့ လေယာဉ်တွေ စေလွှတ်ခဲ့ပေမဲ့ ရာသီဥတု ကြမ်းတာကြောင့် နှောင့်နှေးခဲ့ရတယ်လို့  ဂျပန် ကမ်းခြေစောင့်တပ်က ပြောပါတယ်။

2 mins Ago

November 27, 2022

မြန်မာစစ်တပ်ပိုင် ကုန်တင်သင်္ဘောများ ကမ်းကပ်ရပ်နားခွင့်မပြုရန် ကာတာကို တောင်းဆို

ကမ္ဘာ့ဖလားဘောလုံးပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ကာတာနိုင်ငံအစိုးရအနေနဲ့ သူရဲ့ဆိပ်ကမ်းတွေမှာ မြန်မာစစ်တပ်ပိုင် ကုန်တင်သင်္ဘောတွေကို ကမ်းကပ်ခွင့်မပြုဖို့ မြန်မာ့အရေးစည်းရုံးလှုပ်ရှားနေတဲ့ ဘားမားကမ်ပိန်း(ယူကေ)က တောင်းဆိုလိုက်ပါတယ်။

စစ်တပ်ရဲ့ အဓိက စည်းပွားရေးလုပ်ငန်းကြီးတခုဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကပိုင်ဆိုင်တဲ့ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းပိုင် ကုန်တင်သင်္ဘော တစီးဟာ ကာတာအစိုးရပိုင် ဟာမက်ဆိပ်ကမ်းမှာ လက်ရှိ ရပ်နားထားတာဖြစ်ပါတယ်။

ဘားမားကမ်ပိန်းယူကေရဲ့ ဒါရိုက်တာ မာ့ခ်ဖာမနာက“မြန်မာစစ်တပ်ပိုင်တဲ့ ကုန်တင်သင်္ဘောတွေကို ကာတာနိုင်ငံပိုင်တဲ့ ဆိပ်ကမ်းမှာ ရပ်နားခွင့်ပေးတာဟာ ကာတာနိုင်ငံက ဆန့်ကျင် ရှုတ်ချကန့်ကွက်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာစစ်တပ်က နောက်ထပ်ကျူးလွန်ဖို့ ဘဏ္ဍာရေး အထောက်အကူပေးရာရောက်တယ်”လို့ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုတော့ ကန့်ကွက်ရှုတ်ချပြီး မြန်မာစစ်တပ်နဲ့ စီးပွားရေးတွဲဖက်လုပ်ကိုင်နေတာဟာ ကာတာအနေနဲ့ အပြောနဲ့အလုပ်မညီတာဖြစ်သလို ကာတာနိုင်ငံဟာ သူပိုင်ဆိပ်ကမ်းတွေကို မြန်မာစစ်တပ်က အသုံးချခွင့်မရအောင် တားဆီးဖို့လိုတယ်လည်း  မာ့ခ်ဖာမနာကပြောလိုက်ပါတယ်။

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ဘဏ္ဍာရေးအထောက်အပံ့ ဖြစ်စေတာကြောင့် မြန်မာစစ်တပ်ပိုင်ဆိုင်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို ယူကေ၊ အမေရိကန်၊ ကနေဒါနဲ့ ဥရောပသမဂ္ဂတို့က စီးပွားရေးပိတ်ဆို့ထားကြတာ ဖြစ်ပါတယ်။ 

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုရပ်တန့်ဖို့ တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို ကာတာနိုင်ငံကလည်း ကုလသမဂ္ဂမှာ ထောက်ခံခဲ့ပါတယ်။

အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) မှာ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ကာတာဟာ ရိုဟင်ဂျာ မွတ်စလင်တွေကို  လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာစစ်တပ်ကို နိုင်ငံတကာတရားရုံးက တရားစွဲဆိုခဲ့တာကိုလည်း ထောက်ခံခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။

2 months Ago
Up