close

ကုန်သည်

close

September 7, 2022

ငါးမြစ်ချင်းများကို ဘင်္ဂလားဒေ့ရှ်သို့ စစ်တွေမှတဆင့် တင်ပို့နေရ၍ ကုန်သည်များအခက်တွေ့

နယ်စပ်မြို့တခုဖြစ်တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့ကို ကုန်တင်ပို့ရာ လမ်းပိုင်းတွေကို စစ်ကောင်စီက အကန့်သတ်မရှိ ပိတ်ထားတဲ့အတွက် ငါးမြစ်ချင်းငါးတွေကို စစ်တွေမြို့မှ ရေကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တင်ပို့နေရတာကြောင့် ငါးမြစ်ချင်းကုန်သည်တွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကို ငါးမြစ်ချင်းတင်ပို့နေတဲ့ ကုန်သည်တယောက်က “မောင်တောကို သွားမရတော့ စစ်တွေကတဆင့် တင်ပို့နေရတယ်။ စစ်တွေကဆိုတော့ ခရီးကဝေးတယ်။ ရန်ကုန်က အအေးခန်းကားတွေနဲ့ ရောက်လာတဲ့ ငါးတွေကို စစ်တွေမှာ ရေခဲပြန်ရိုက်ရတယ်။ ငါးတွေ ပျက်စီးမှုတွေများတယ်။ ကုန်တင်ပို့ရတာ အချိန်ကြန့်ကြာတယ်။ အန္တရာယ်လည်း များတယ်။ မောင်တောဘက်က တင်ပို့ရတာက အချိန်မကြန့်ကြာဘူး။ ခရီးနီးတော့ အမြန်တင်ပို့နိုင်တယ်” လို့ ပြောပါတယ်။

မောင်တောဒေသမှာ ရက္ခိုင်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ အခုလပိုင်းအတွင်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလာတာကြောင့် မောင်တောနယ်စပ်ကို ကုန်တင်ပို့ရာ လမ်းတွေကို စစ်ကောင်စီက အကန့်အသတ်မရှိ ပိတ်ထားလိုက်တာပါ။

မောင်တောနယ်စပ်ကို ကုန်တင်ပို့ရာ လမ်းတွေကို စစ်ကောင်စီက အကန့်အသတ်မဲ့ ပိတ်ထားတာကြောင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ငါးမြစ်ချင်းတင်ပို့မှု ကျဆင်းသွားပြီး စက်တင်ဘာ ၅ ရက်ကစပြီး ဘင်္ဂလား‌ဒေ့ရှ်ကို ငါးမြစ်ချင်းတင်ပို့မှု လုံးဝရပ်တန့်သွားခဲ့ရကြောင်း မောင်တောကုန်သည်ကြီးများအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။

“မောင်တောကိုလာတဲ့ လမ်းတွေအားလုံး ပိတ်ထားလိုက်တော့ မောင်တောကနေ ဘင်္ဂလားကို ငါးမြစ်ချင်းတင်ပို့မှု စက်တင်ဘာလ ၅ ရက်နေ့ကတည်းက လုံးဝရပ်တန့်သွားတယ်။ အရင်လတွေကလည်း တလထက်တလ ငါးမြစ်ချင်းငါး တင်ပို့မှု ကျဆင်းခဲ့ရတယ်။”

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၂၀၂၂ ခုနှစ် မေလက ငါးမြစ်ချင်းတန်ချိန် ၁,၃၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး ဇွန်လမှာ တန်ချိန် ၁,၂၀၀ ကျော်၊ ဇူလိုင်လမှာ ၉၀၆ တန်၊ သြဂုတ်လမှာ ၈၂၆ တန်သာ တင်ပို့နိုင်ခဲ့ကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ တရားဝင်ကိန်းဂဏန်းတွေအရ သိရပါတယ်။

9 hours Ago

December 19, 2021

တရုတ်-မြန်မာနယ်စပ်ဂိတ်တွင် နစ်နာဆုံးရှုံးမှုများနေသဖြင့် နှစ်ဖက်အဖြေရှာရန် ကုန်သည်များ တိုက်တွန်း

တရုတ်-မြန်မာ နယ်စပ်ဂိတ်စမ်းသပ်ဖွင့်လှစ်ရာမှာ မန္တလေးက သစ်သီးတင်ပို့သူတွေနဲ့ ကုန်စိမ်းရောင်းသူတွေ နစ်နာဆုံးရှုံးမှုတွေ များနေတာကြောင့် ကုန်သည်တွေ အဆင်ပြေစေဖို့ နှစ်ဖက် သက်ဆိုင်ရာတာဝန်ရှိသူတွေ ပြေလည်အောင် ညှိနှိုင်းနည်းလမ်းရှာသင့်တယ်လို့ မန္တလေးမြို့က ကုန်သည်တွေက တိုက်တွန်းလိုက်ပါတယ်။

“သာမန်ပြည်သူတစ်ယောက်အနေနဲ့ ကုန်သည်တစ်ယောက်အနေနဲ့ ပြောရရင် အခုတင်ပို့နေရတယ်ဆိုတာက အရေအတွက်လည်း နည်းပါးတယ်။ ကုန်ကျစရိတ်တွေလည်း များနေတဲ့အတွက် တချို့မှာ နစ်နာဆုံးရှုံးမှု ကုန်စိမ်းသမားတွေ သစ်သီးသမားတွေမှာ လက်ရှိ လက်တလော ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေရတာလည်း ကြားသိနေရတယ်။ ဒါကတော့ ကျနော်တို့ ကုန်သည်တွေဆန္ဒတင်မဟုတ်ပဲနဲ့ ကားသမားတွေ၊ ကုန်သည်တွေနဲ့ နှစ်ဖက် သက်ဆိုင်ရာတွေ ညှိနှိုင်းပြီးတော့ အကောင်းဆုံးနည်းလမ်းကိုရှာကြပါလို့ အကြံပြုချင်ပါတယ်” လို့ မန္တလေးမြို့က ကုန်သည်တစ်ဦးကပြောပါတယ်။

လက်ရှိတင်ပို့နေရတဲ့စနစ်မှာ တရုတ်နယ်နိမိတ်အတွင်းမှာ တိုက်ရိုက် တင်ပို့ခွင့်မရဘဲ ကုန်သေတ္တာတွေနဲ့ တင်ပို့ရပြီး ကရိန်းတွေနဲ့အပြင်  ခေါက်တိုယာဉ်နဲ့ရော ကုန်တင် ကုန်ချ ပြုလုပ်တာကို စမ်းသပ် သုံးစွဲနေတာပါ။

မန္တလေးက ကုန်သည်တွေအနေနဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေကို ကုန်တင်ပို့ရာမှာ ငွေကြေးနဲ့ပစ္စည်းဆုံးရှုံး ပျက်စီးမှုတွေ ရှိနေတဲ့အတွက် အခက်အခဲ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ 

နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေ အရင်လို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ဆိုတာ အချိန်ကြာရှည်နေဦးမှာဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်သူတွေအနေနဲ့ မိမိတို့ရဲ့ ထုတ်ကုန် အမြတ်မရနိုင် ဘူး သေချာပါက တင်ပို့ဖို့မကြိုးစားသင့်တော့ဘူးလို့ တရုတ်-မြန်မာနယ်စပ်မှာ သွားရောက် တင်ပို့နေတဲ့ ကုန်သည်တစ်ဦးက အကြံပြုပါတယ်။  

“မိမိထင်မြင်ချက်နဲ့ တရားမဝင်ကနေ သွားရမလားလို့ကြိုးစားကြည့်တာတွေရှိတယ်။ ဒါက မဖြစ်နိုင်တဲ့အတွက် ပစ္စည်း ပျက်စီးဆုံးရှုံးမှုတွေလည်း ကြုံတွေ့နေရတာတွေလည်းရှိတယ်။ အခုလိုဖွင့်လှစ်တာကတော့ အားလုံးအတွက်ကောင်းပါတယ်။  သို့သော်ငြားလည်း စနစ်အနေနဲ့ကတော့ အရင်မြန်မာကားတွေ တရုတ်ပြည်ထဲမှာပေါ့လေ သူတို့နယ်နိမိတ်အတွင်းမှာရှိတဲ့ ကုန်ချစခန်းကနေပြီးတော့ တိုက်ရိုက်ဝင်ရောက်လို့မရဘဲ ကုန်သေတ္တာစနစ်နဲ့ မြန်မာပြည်က ရောက်ရှိလာတဲ့ကုန်ကို နယ်စပ်တင်မှာပဲ ကုန်သေတ္တာထဲထည့်ပြီးမှ ကရိန်းနဲ့တင် ကုန်တင်ကုန်ချ အလုပ်ကို စမ်းသပ်လာတယ်။ ဒီနည်းလမ်းက စရိတ်အနေနဲ့ တွင်ကျယ်မှုအနေနဲ့ကတော့ နှောင့်နှေးမှုတွေကြုံကြိုက်နေရတယ်။ စရိတ်စခအနေနဲ့လည်းပိုပြီးတော့ ကုန်ကျတာတွေ ရှိနေတယ်။  အဲ့ဒါကြောင့်မို့လို့ ကိုဗစ်-၁၉လည်း ကာကွယ်ရာရောက်ပြီးတော့ အခုထက် ကောင်းမယ့်နည်းကိုလည်း ရှာကြံကြည့်စေချင်ပါတယ်”လို့ မန္တလေးက ပဲနှမ်းကုန်သည်တစ်ဦးကထပ်မံပြောပါတယ်။

တရုတ်ဟာ အဓိက ကုန်သွယ်ဘက်နိုင်ငံတွေဖြစ်ပြီး မန္တလေး ကုန်သည်ဈေးကွက်အနေနဲ့ အရေအတွက်အများဆုံးတင်ပို့ရတဲ့   နိုင်ငံဖြစ်ပါတယ်။ 

တရုတ်- မြန်မာနယ်စပ်ဖြစ်တဲ့ ကျင်စန်းကျော့ ဂိတ်ကနေ ဝမ်တိမ်မြို့အတိ ခေါက်တိုကားခ  တစ်ခေါက်ကို မြန်မာငွေ သိန်း ၁၀၀ ဝန်းကျင် ကုန်ကျနေပြီး သယ်ယူစရိတ်တွေပါ မြင့်တက်နေတယ်လို့ သိရပါတယ်။

9 months Ago
Up