close

ကုန်သွယ်ရေးဂိတ်

close

January 11, 2023

ကိုဗစ်-၁၉ ရောဂါကြောင့် တရုတ်နယ်စပ်ဂိတ်ကို အများဆန္ဒနှင့်အညီ ယာယီပိတ်ထားခြင်းဖြစ်ဟု ကုန်သည်များပြော

တရုတ်အစိုးရ နယ်စပ်ကုန်သွယ်ရေးကို ဖွင့်လှစ်လိုက်ပေမဲ့ တကျော့ပြန် ခေါင်းထောင်လာတဲ့ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် မြန်မာဘက်အခြမ်းက နယ်စပ်ဂိတ်ကို ယာယီပိတ်ထားဖို့ အများဆန္ဒနဲ့အညီ ဆုံးဖြတ်ထားတယ်လို့  မူဆယ်မြို့နေ ကုန်သည်တွေက ပြောပါတယ်။

တရုတ်အစိုးရက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ နယ်စပ်ဂိတ်ပေါက် ၄ ခုကို ဇန်နဝါရီ ၈ ရက်နေ့ကစပြီး တပြိုင်တည်းဖွင့်လှစ်မည့်အကြောင်း မြန်မာဘက် တာဝန်ရှိသူတွေထံ ဇန်နဝါရီ ၂ ရက်နေ့က စာပို့ အကြောင်းကြားလာပါတယ်။

ဒါပေမဲ့ တရုတ်ဘက်မှာ တကျော့ပြန် ခေါင်းထောင်လာတဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာဘက်အခြမ်းက နယ်စပ်ဂိတ်ကို ယာယီပိတ်ထားဖို့ အများဆန္ဒနဲ့ အညီ မြန်မာကုန်သည်တွေက စည်းဝေး ဆုံးဖြတ်ခဲ့ပါတယ်။

အစည်းအဝေးကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ မူဆယ်မြို့နေ ကုန်သည်ကြီးတဦးက “မြန်မာပြည်ဘက်က တာဝန်ရှိတဲ့ သူတွေ အပါအဝင် ကုန်သည်တွေနဲ့ ပြည်သူတွေက ဇန်နဝါရီ ၇ ရက်နေ့မှာ နယ်စပ်ဂိတ် ဖွင့်ဖို့ မဖွင့်ဖို့အတွက် အစည်းအဝေးတခု လုပ်ခဲ့ကြတယ်။ အစည်းအဝေးမှာ ဘာဆုံးဖြတ်ခဲ့လဲဆို  ရွှေလီမှာ နေထိုင်တဲ့ လူဦးရေ ၈၅ ရာခိုင်နှုန်းက ကိုဗစ်ရောဂါ ကူးစက်ခံထားရတယ်။ အဲ့တော့ ဇန်နဝါရီ ၈ ရက်နေ့မှာ ဂိတ်ဖွင့်လိုက်မယ်ဆိုရင် ဖွင့်လိုက်တာနဲ့ လူက ထောင်နဲ့ချီပြီး အဝင်အထွက်က ရှိလာတော့မယ်။ ဝင်လာတဲ့ ဒီလူတွေကို ကိုဗစ် ရှိ မရှိ ဘယ်လို စစ်မလဲ။ ပြီးတော့ ဘာတွေ ကြိုတင်ကာကွယ်မှုတွေ လုပ်မကြလဲ။ ဘာတွေ ပြင်ဆင်ထားကြသလဲ ဆိုတော့ ကျနော်တို့ဘက်မှာ ဘာမှ မပြင်ဆင်ရသေးဘူး။ ကျန်းမာရေးဝန်ထမ်းတွေကလည်း အလုံအလောက် မရှိဘူး။ အဲ့တော့ ထိထိရောက်ရောက် ဘယ်လို စစ်ဆေးကြမလဲ။ ဒီအကြောင်းကြောင်းတွေကြောင့် ကျနော်တို့က ကျန်းမာရေးကို ရှေးရှုပြီးတော့ နယ်စပ်ဂိတ်ကို ယာယီ ဆက်လက် ပိတ်ထားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါကိုလည်း တရုတ်နိုင်ငံဆီ အကြောင်းကြားထားပြီး ဖြစ်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တရုတ်အစိုးရက မူဆယ်နဲ့ ထိစပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်ပေါက်ကို လပေါင်း အတန်ကြာ ပိတ်ထားခဲ့တဲ့ အကျိုးဆက်ကြောင့် မူဆယ်မှာ အလုပ်လက်မဲ့ဦးရေ များစွာ ရှိခဲ့ရပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေက အလုပ်အကိုင် ရရှိဖို့ထက် ကျန်းမာရေး ပြဿနာက ဦးစားပေး အဆင့်ဖြစ်တယ်လို့ မူဆယ်နယ်စပ်ကုန်သည်များအသင်းက မှတ်ချက်ပေးပါတယ်။

“မူဆယ်မှာ ရှိတဲ့သူတွေက တဘက်နိုင်ငံ ရွှေလီမြို့ကို မှီခိုပြီး အလုပ်လုပ်နေကြရတာ။ တကယ်လို့ မူဆယ်ဂိတ်ကို ဖွင့်လိုက်လို့ရှိရင် မူဆယ်ကနေ တနေ့ကို ရာနဲ့ချီတဲ့ အလုပ်သမားတွေက တဘက်နိုင်ငံ ရွှေလီမြို့ဆီ ထွက်ကြမှာလေ။ ဘာလို့လဲဆိုတော့ တရုတ်ဘက်က ပြီးခဲ့တဲ့ ၃၊ ၄လ လောက်က ပိတ်လိုက်ကတည်းက အလုပ်လက်မဲ့တွေ ဒီမှာ ဖြစ်နေ ကြတာ။ အဲ့တော့ တဖက်မှာ မြန်မာဘက်က ဂိတ်ကို ဖွင့်လိုက်လို့ ရှိရင် ဒီလူတွေက အလုပ်တော့ ပြန်ရမယ်။ ဒါပေမဲ့ ကျန်းမာရေးအရ ဆိုးဆိုး ဝါးဝါး ဖြစ်လာခဲ့လို့ ရှိရင် ဘယ်လိုလုပ်ကြမလဲ။ မူဆယ်မှာ လက်ရှိအခြေအနေက ကိုဗစ်နဲ့ ပတ်သတ်ပြီး ဇီးရိုး အဆင့်ပဲရှိတာလေ။ တကယ်လို့ ဖွင့်လိုက်တာနဲ့ တပတ်အတွင်းမှာ မူဆယ်မြို့ တမြို့လုံး ပြန့်သွားမှာ။ ဒါကြောင့် ဂိတ်မဖွင့်ရခြင်း ဖြစ်တယ်။ ဂိတ်တွေပိတ်ထားတော့ စီးပွားရေးရှုထောင့်အရ ကြည့်ရင်တော့ နစ်နာတာပေါ့။ ကျနော်တို့ မူဆယ်ဘက်အခြမ်းက မန့်ဝိန်းဂိတ် တခုတည်းတင် ကုန်တင်ကား အစီးရေ ၄၀၀ နဲ့ ၅၀၀ နေ့စဉ် အဝင်အထွက် ရှိတာနော်။ ကိုဗစ်ဖြစ်ခဲ့တဲ့ ၂၀၂၀ မတ်လ ကတည်းက အဲ့ဒီဂိတ်ကို ပိတ်ထားခဲ့တာ ကုန်သွယ်မှုက တဝက်လောက် ထိုးဆင်းသွားခဲ့ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်တဲ့အချက်အလက်တွေအရ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုက ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅၄၆၈ ဒသမ ၄၁၂ သန်း  ရရှိခဲ့ပြီး ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှာတော့ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၁၂၆ ဒသမ ၉၆၃ သန်းသာ ရှိတဲ့အတွက် ကုန်သွယ်မှုပမာဏဟာ ထက်ဝက်ခန့် လျှော့ကျမှုရှိတာ တွေ့ရပါတယ်။

10 mins Ago

March 2, 2022

တရုတ်- မြန်မာနယ်စပ် ကျင်စန်းကျော့နှင့် လွယ်ဂျယ်ကုန်သွယ်ရေးဂိတ် ယာယီပိတ်

ကိုဗစ်- ၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တာကြောင့် တရုတ်- မြန်မာနယ်စပ် ကျင်စန်းကျော့နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးဂိတ်တွေကို ယာယီပိတ်ထားကြောင်း သိရပါတယ်။

တရုတ်ဘက်က အကောက်ခွန် ဝန်ထမ်း‌တွေနဲ့  ရှန်တိန်ယာဥ်‌‌မောင်းတွေမှာ ကိုဗစ်ပိုး တွေ့ရှိတဲ့အတွက် ကျင်ဆန်းကျော့ ကုန်သွယ်ရေးဂိတ်ကို  ဒီနေ့ မနက်ပိုင်းက စတင်ပြီး ၂ ရက်ယာယီ ပိတ်လိုက်တယ်လို့ သိရပါ တယ်။

ရွှေလီမြို့ကိုလည်း ဒီနေ့ မနက်ပိုင်းကစပြီး ၂ ရက်ကြာလော့ဒေါင်းချထားမယ်လို့လည်း သိရပါတယ်။

ကချင်ပြည်နယ် မြန်မာ-တရုတ်နယ်စပ် လွယ်ဂျယ်နယ်စပ်ကုန်ရေးဂိတ်ကိုတော့ မတ်လ   ၁ ရက်နေ့က စတင်ပြီး ၃ ရက်ကြာ ယာယီပိတ်လိုက်တာပါ။

တရုတ်ပြည်ကို တင်ပို့မယ့် တရုတ်တစ်သျှူးငှက်ပျောဖာမှာ ကိုဗစ်- ၁၉ ရောဂါပိုးစစ်ဆေး တွေ့ရှိခဲ့ပြီး၊  ယာဥ်မောင်း ၄ ယောက်မှာလည်း ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တာကြောင့် လွယ်ဂျယ်ဂိတ်ကို ယာယီပိတ်လိုက်ရတာလို့ ကုန်သည်တွေထံက သိရပါတယ်။

ကျင်ဆန်းကျော့ ဂိတ်ကနေ တရုတ်နိုင်ငံကို သစ်သီး၀လံတွေ အပါအ၀င် လယ်ယာ ထွက်ကုန်တွေနဲ့ ရေထွက်ကုန်တွေကို အဓိက တင်ပို့နေတာဖြစ်ပြီး လွယ်ဂျယ်နယ်စပ်ဂိတ်ကနေ  တရုတ်ပြည်ကို ကြံ၊ပြောင်း၊ ဆန်၊ငှက်ပျောတို့ အဓိကတင်ပို့နေတာဖြစ်ပါတယ်။

လတ်တလော အဆိုပါ ကုန်သွယ်ရေး ဂိတ်တွေမှာ  ပို့ကုန်ကားတွေ ရာနဲ့ ချီပိတ်မိနေတယ်လို့ သိရပါတယ်။

10 months Ago
Up