close

ကုန်သွယ်ရေး ဂိုဒေါင်

close

November 22, 2022

ရွှေတောင်မြို့၌ ကုန်သွယ်ရေး ဂိုဒေါင် မီးလောင်

ပဲခူးတိုင်း၊ ရွှေတောင်မြို့မှာ နိုဝင်ဘာ  ၂၁ ရက် နေ့လယ် ၃ နာရီလောက်က ဓာတ်ဆီဆိုင်အနီး ကုန်သွယ်ရေး ဂိုဒေါင်ကုန်လှောင်ရုံအဟောင်း မီးလောင်လို့ ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။

ရွှေတောင်မြို့၊ ကြာနီကန်ရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းဘေးရှိ ဂိုဒေါင်အဟောင်း မီးလောင်မှုကို ရွှေတောင်မြို့နယ်နဲ့ ပေါင်းတည်မြို့နယ်မီးသတ်စခန်းက မီးသတ်ကားတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်မီးငြှိမ်းသတ်ရာမှာ နေ့လယ် ၃ နာရီ မိနစ် ၅၀ လောက်မှာ  မီးထိန်းနိုင်ခဲ့ပြီး ညနေ ၄ နာရီ ခွဲလောက်မှာ မီးငြိမ်းသွားတယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။ 

ရွှေတောင်ဒေသခံတဦး “မီးလည်းပျက်နေတာ၊ ဝါယာရှော့လို့လည်း ပြောလို့မရဘူး။ အဲ့ဒီဂိုဒေါင်က   လူလည်း နေတာမဟုတ်ဘူး။ မီးလည်းသွယ်တန်းထားတာမရှိဘူး။ မီးကြွင်းမီးကျန် ဆိုရအောင်လည်း နေ့လယ် ၃ နာရီ လောက်ပဲရှိသေးတာ။ လူမနေတော့ ဘယ်ကမှ မီးကြွင်းမီးကျန် မရှိနိုင်ဘူး။ အဲ့ဒိတော့ ရှို့မီးပဲ ဖြစ်ဖို့များတယ်။ ဘေးမှာက ဓာတ်ဆီဆိုင်ကြီးကလည်း ရှိနေတာ မီးကတော်တော်လေးများတာ၊‌ တဖက်မှာလည်း လူနေရပ်ကွပ်က ကပ်နေတာ၊ ဓာတ်ဆီဆိုင်က မြေအောက်သိုလှောင်ကန်တွေ ထပေါက်ရင် တမြို့လုံးပြာကျသွားမှာ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ လူမနေတဲ့နေရာနဲ့အလွယ်တကူ မီးပျံ့နိုင်မယ့် နေရာကိုတမင်ရွေးလုပ်သွားတာဖြစ်မယ်။ လေကလည်း မြောက်လေတိုက်နေတော့ ဘေးက ခမောက် ရှမ်းတန်းရပ်ကွက်ကို ကူးစက်မှာစိုးရိမ်နေရတာ မီးသတ်တွေက အဲ့ဒိဘက်ကနေ မီးမကူးအောင် ကြိုးစားကြလို့ အခုလို မီးကျသွားတာ” လို့ ပြောပါတယ်။

မီးသတ်ကားတွေက ရွှေတောင်မြို့ကတင်မက ပြည်မြို့ကပါ အမြန်ရောက်လာလို့ မီးထိန်းနိုင်တာလို့ ရွှေတောင်မြို့က အရန်မီးသတ်တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။ 

မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းကို မသိရသေးဘဲ ဒေသခံတွေကတော့ ရှို့မီးလို့ ခန့်မှန်း ပြောဆိုနေကြပါတယ်။

အခုမီးလောင်တဲ့ ဂိုဒေါင်တွေဟာ အရင်တုန်းက အစိုးရက စပါးတွေသိုလှောင်ထားလေ့ရှိတဲ့ သစ်သား၊ သွပ်မိုးအဆောင်ဖြစ်ပြီး  အဆောင်အားလုံးမီးလောင်ပြာကျသွားပါတယ်။

မီးလောင် မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုအခြေအနေကို သိရဖို့  ရွှေတောင်မြို့နယ် မီးသတ်တပ်ဖွဲ့မှူးရုံးကို  ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာ  ၂၀ ရက်ကလည်း ပဲခူးတိုင်း၊ ဇီးကုန်းမြို့မှာ ဈေးမီးလောင်ခဲ့ပြီး ဘာကြောင့်လောင်တယ်ဆိုတာကို အခုထိ မသိရသေးပါဘူး။

1 min Ago
Up