ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ကုန်းသာကျေးရွာမှာ ဧပြီ ၂၆ ရက် မနေ့မွန်းလွဲပိုင်းက မိုးသက်လေပြင်းကျလို့ ဘုန်းကြီးကျောင်းနဲ့ နေအိမ်အလုံး ၂၀ လောက် ခေါင်မိုးတွေလန် ပျက်စီးသွားပါတယ်။
မနေ့မွန်းလွဲ ၁ နာရီခွဲကနေ ၂ နာရီထိ မိုးရောလေပါ တိုက်ခတ်လာလို့ ကုန်းသာရွာဦး ဘုန်းတော်ကြီးကျောင်း ခေါင်မိုးက သွပ်တွေ လန်ထွက်ပျက်စီးပြီး သီလရှင်ဇရပ်မှာ သစ်ပင် လဲပြိုကျလို့ ပျက်စီးကြောင်း၊ ရွာထဲကအိမ်တွေလည်း ခေါင်မိုးတွေ လန်ကုန်တာလို့ ကုန်းသာရွာသား ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။
“မိုးရော လေပါ တပြိုင်တည်းလာတယ်။ လေက အရမ်းပြင်းတော့ ကုန်းသာကျောင်း ပင်မကျောင်းဆောင်က ခေါင်မိုးလန်ထွက်သွားပြီး ကျောင်းဝင်းထဲက သစ်ပင်ကြီးတွေ ပြိုလဲတယ်။ တစ်ပင်က သီလရှင်ကျောင်းပေါ်ကို ပိကျလို့ အဲဒီကျောင်းလည်း ပျက်စီးတယ်။”
လေပြင်းတွေကြောင့် ကုန်းသာရွာက နေအိမ် ၁၇ လုံးနဲ့ ဟိုနောင်ရွာမှာ နေအိမ် ၂ လုံး၊ ရပ်ကွက် ၃ မှာ ၁ လုံးပျက်စီးသွားပြီး အများအားဖြင့် သွပ်ခေါင်မိုးတွေလန်ထွက်ကုန်တဲ့အပြင် သရက်သီး၊ ပိန္နဲသီးတွေလည်း ကြွေကျကုန်ကြောင်း ၊ လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဆိုပါတယ်။
အပျက်အစီးစာရင်းတွေကို ကျေးရွာအုပ်ချုပ်ရေးဘက်က စာရင်းကောက်ပြီး သက်ဆိုင်ရာကို တင်ပြထားပေမဲ့ ဘယ်လိုအကူအညီရမလဲဆိုတာတော့ မသိဘူးလို့ ရွာသားက ပြောပါတယ်။
ကုန်းသာရွာမှာ သီပေါမြို့ မြောက်ဘက် ၁၀ မိုင်လောက်အကွာ သီပေါနဲ့ လားရှိုးမြို့ကြားက အိမ်ခြေပေါင်း ၅၀၀ ကျော်တဲ့ ရွာကြီးတစ်ရွာဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ကလည်း မိုးသီးတွေကြွေ မိုးသက်လေပြင်းဒဏ်ခံခဲ့ရလို့ အိမ်ခြေ ၁၄၀ ကျော် ပျက်စီးခဲ့ရပါတယ်။
ကနီမြို့နယ် ယင်းအုပ်စု ကုန်းသာရွာမှာ စစ်ကောင်စီတပ်တွေ ဇူလိုင် ၂၀ ရက်နေ့ ညနေပိုင်းက လာရောက် တပ်စွဲပြီး ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေတာကြောင့် ဒေသခံပြည်သူ ၆၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ကုန်သားကျေးရွာသားတစ်ဦးက “ကျနော်တို့ ဒီကောင်တွေကို မယုံရဲတော့ဘူးဗျ။ အရင် ဇူလိုင် ၈ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ကျနော်တို့ ယင်းအုပ်စုကို ဒီကောင်တွေ တောနင်းရှာဖွေပြီး ကျနော်တို့ဆွေမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ကောင်တွေဗျ။ ဘာလုပ်လုပ် မလုပ်လုပ် သတ်ဖြတ်မယ့်ကောင်တွေ အယုံအကြည်ကို မရှိဘူး” လို့ ပြောပါတယ်။
ကုန်းသာကျေးရွာမှာ တပ်စွဲနေတဲ့တပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အဲဒီယင်းအုပ်စုထဲက အပြစ်မဲ့ပြည်သူ ၁၇ ဦးကို တောနင်းရှာဖွေ ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ တပ်မ ၄၄ က ခလရ ၂ တပ်ဖြစ်တယ်လို့ ဆိုပါတယ်။
ဇူလိုင် ၂၀ ရက်နေ့ ညနေပိုင်းက ကုန်သာကျေးရွာအတွင်း စတင်တပ်စွဲပြီး ဒေသခံအများအပြားကို ဖမ်းဆီးတာတွေ လုပ်နေတာကြောင့် ယင်းနဲ့ ကုန်းသာ ကျေးရွာတွေက လူဦးရေ ၆၀၀ ကျော် ထွက်ပြေးနေကြရတာလို့ ဒေသခံတဦးက ပြောပါတယ်။
ကနီမြို့နယ်အတွင်း အခုရက်ပိုင်း မိုးရွာသွန်းနေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ အမိုးအကာ မရှိဘဲ တိမ်းရှောင်နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။