ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ကုဋေကျေးရွာမှာ တရားမဝင် ကျောက်စိမ်း တူးဖော်နေတဲ့ နေမင်းကမ္ဘာကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီပိုင် စက်ယန္တရားတွေကို စစ်ကောင်စီလက်အောက်ခံ တပ်မ ၃၃ က အောက်တိုဘာ ၁၅ ရက်မှာ သိမ်းဆည်းလိုက်တယ်လို့ ကုမ္ပဏီဝန်ထမ်းတဦးက ပြောပါတယ်။
တရားမဝင် ကျောက်စိမ်းတူးဖော်နေတဲ့ စက်ယန္တရားတွေကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး မြေပြင်တပ်တွေနဲ့ ဝင်ရောက်သိမ်းဆည်းခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ်။
ဒါ့အပြင် မြေစာပုံဈေးဆိုင်တန်းမှာရှိတဲ့ ရေမဆေးသမားတွေကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားပြီး ကျောက်စိမ်းတူးဖော်တဲ့နေရာမှာ အသုံးပြုတဲ့ ကက်နဲ့ ယမ်းတန်ချိန်ပေါင်းများစွာကိုလည်း သိမ်းယူခဲ့သလို ကုမ္ပဏီဝန်ထမ်းတချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ကုမ္ပဏီဝန်ထမ်းတဦးက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်တာတွေကို ရပ်နားထားဖို့ အမိန့်စာတွေ အကြိမ်ကြိမ်ထုတ်ထားပေမယ့် မြေပြင်မှာတော့ ကျောက်စိမ်းတူးဖော် ထုတ်ယူတာတွေက ရှိနေဆဲ ဖြစ်ပါတယ်။
အဲဒီလို တူးဖော်ခွင့်ရဖို့ကိုလည်း စစ်ကောင်စီလက်အောက်ခံ နယ်မြေခံတပ်မကို တူးဖော်တဲ့ ကုမ္ပဏီတွေက ဘက်ဟိုးကားအစီးရေပေါ် မူတည်ပြီး လစဉ်ကြေးသဘောမျိုးပေးပြီး တူးဖော်ကြရတယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ တရားမဝင်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၁ စက်တင်ဘာလောက်ကတည်းက ပြန်လည်တူးဖော်နေခဲ့တာဖြစ်ပြီး ဖမ်းဆီးတာဟာ အခုတကြိမ် ပထမဆုံးဖြစ်ပါတယ်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအုပ်စု၊ ခဲမောက်ကျေးရွာမှာ ချေးငွေ သွားတောင်းတဲ့ ကုမ္ပဏီဝန်ထမ်းတယောက် အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သထုံမြို့ စထာပါနာချေးငွေကုမ္ပဏီဝန်ထမ်း ကိုအောင်သီဟဟာ မေလ ၁၂ ရက်နေ့က ခဲမောက်ကျေးရွာက လင်မယားနှစ်ယောက်ထံမှာ ချေးငွေပြန်သွားတောင်းစဉ် အသတ်ခံလိုက်ရတာ ဖြစ်ပါတယ်။
ကိုအောင်သီဟကို သူ့အမျိုးသားက သတ်ဖြတ်လိုက်ကြောင်း ချေးငွေယူထားသူရွာသားရဲ့ ဇနီးဖြစ်သူက မေလ ၁၂ ရက် ည ၈ နာရီလောက်မှာ ကုမ္ပဏီထံ အကြောင်းကြားလာခဲ့ပါတယ်။
ဒါ့အပြင် ကိုအောင်သီဟရဲ့ ရုပ်လောင်းကို နေအိမ်နောက်ဘေးမှာ မြှုပ်နှံထားကြောင်းနဲ့ ပါရှိလာတဲ့ ငွေသားတချို့နဲ့ ဆိုင်ကယ်တစ်စီးကို လင်းမယား ၂ ဦး ယူဆောင် ထွက်ပြေးသွားပြီးလို့ ပြောပြလာတယ်လို့ဆိုတယ်။
ဒါကြောင့် မေလ ၁၃ ရက်မှာ အဆိုပါ အဆိုပါ လင်မယား ၂ ယောက် နေထိုင်တဲ့ ခဲမောက်ကျေးရွာ နေအိမ်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက သွားရောက် ရှာဖွေစဉ် နေအိမ်နောက်ဘေးနဲ့ ပေ ၁၀၀ လောက်အကွာမှာ မြေမြှုပ်ထားတဲ့ ကိုအောင်သီဟ ရုပ်အလောင်းကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။