ဘီလာရုစ်မှာ နည်းဗျူဟာမြောက် နျူးကလီးယားလက်နက်တွေ ဖြန့်ကြက်ဖို့ စီစဉ်ထားတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ကြေညာချက်ကို ဆွေးနွေးဖို့ရာ အမေရိကန်နဲ့ အယ်လ်ဘေးနီးယားတို့ရဲ့ တောင်းဆိုချက်အရ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ မတ် ၃၁ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ယူကရိန်းကို ကျူးကျော် ဝင်ရောက်မှုအပေါ် အနောက်အုပ်စုနဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဘီလာရုစ်မှာ နည်းဗျူဟာမြောက် နျူကလီးယားဒုံးကျည်တွေ တပ်ဆင်ဖို့ ရုရှားရဲ့ဆုံးဖြတ်ချက်ဟာ ၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက်ပိုင်း သူ့ရဲ့နယ်နိမိတ်ပြင်ပမှာ နျူလက်နက်တွေကို ပထမဆုံးအကြိမ် ဖြန့်ကြက်ချထားခြင်း ဖြစ်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်လက်ထောက် သံအမတ်ကြီး ရောဘတ်ဝုဒ်က ပူတင်ဟာ ဘီလာရုစ်မှာ နျူကလီးယားလက်နက်တွေကို ဖြန့်ကြက်မယ့် ခြိမ်းခြောက်မှုနဲ့အတူ ရုရှားရဲ့ အန္တရာယ်ရှိပြီး မတည်မငြိမ်ဖြစ်စေတဲ့ အပြုအမူကို အရှိန်မြှင့်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
“ဘီလာရုစ်မှာ နျူလက်နက်တွေ ချထားရေး ရည်ရွယ်ချက်တွေကို ပြန်လည်သုံးသပ်ဖို့ ရုရှားကို တောင်းဆိုပြီး ယူကရိန်းကနေ သူ့ရဲ့တပ်တွေကို ရုပ်သိမ်းဖို့ ရုရှားကို ထပ်မံ တောင်းဆို လိုက်ပါတယ်”လို့ ရောဘတ်ဝုဒ် က ပြောပါတယ်။
ရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဗာစီလီ နေဘန်ဇီယာ ကတော့ ရုရှားနဲ့ ဘီလာရုစ်တို့ရဲ့ လုံခြုံရေးကို သေချာစေဖို့ ပူတင်က ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း လုံခြုံရေးကောင်စီမှာ ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂ ဘီလာရုကိုယ်စားလှယ် ဗယ်လန်တင် ရိုင်ဘာကော့ဗ်က ဘီလာရုစ်ဟာ သူ့ရဲ့ကိုယ်ပိုင် ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့ လက်တုံ့ပြန်တဲ့လုပ်ရပ်တွေကို မဖြစ်မနေ လုပ်ဆောင်ရခြင်းမှာ သူ့ရဲ့အိမ်နီးချင်းတွေနဲ့ နိုင်ငံတကာအသိုက်အဝန်း တစ်ခုလုံးအတွက် တသမတ်တည်းရှိပြီး လုံးဝပွင့်လင်းမြင်သာမှုရှိကြောင်း ပြောပါတယ်။
ဒီလက်နက်တွေဟာ ဆယ်စုနှစ် ၃ ခုနီးပါး အာဏာရခဲ့တဲ့ လူကာရှန်ကို ဖြုတ်ချဖို့ရည်ရွယ်တဲ့ အမေရိကန်နဲ့ သူ့မဟာမိတ်တွေရဲ့ ဖိအားပေးလှုံ့ဆော်မှု လို့ဆိုတဲ့ အကာအကွယ်ကို ပေးမှာဖြစ်ကြောင်း ဘီလာရုစ်က ဒီတစ်ပတ်မှာ ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ လက်ထောက် ကုလသမဂ္ဂသံအမတ်ကြီး ဂျန်းရွှောင်းက နျူကလီးယား ခွဲဝေသုံးစွဲရေး အစီအစဉ်ကို ဖျက်သိမ်းဖို့ တောင်းဆိုကြောင်းနဲ့ နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံအားလုံးဟာ သူတို့ရဲ့ နယ်နိမိတ်ပြင်ပမှာ နျူလက်နက် ဖြန့်ကြက်ခြင်းမှ ရှောင်ကြဉ်ပြီး နယ်နိမိတ်ပြင်ပမှာ တပ်စွဲထားတဲ့သူတွေကို ရုပ်သိမ်းသင့်တယ်လို့ ထောက်ခံထားကြောင်း ပြောပါတယ်။
မတ် ၃၁ ရက်မှာ မိုဇမ်ဘစ်က လုံခြုံရေးကောင်စီမှာ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခဲ့တာ နောက်ဆုံးနေ့ဖြစ်ပြီး ဧပြီ ၁ ရက်မှစတင်ပြီး ရုရှားနိုင်ငံက အလှည့်ကျဥက္ကဋ္ဌ ယူရပါတယ်။
ရုရှားနိုင်ငံက လုံခြုံရေးကောင်စီ ဥက္ကဋ္ဌအဖြစ် နောက်ဆုံး တာဝန်ယူခဲ့ချိန်တုန်းက ကရင်မလင်ဟာ ယူကရိန်းကို အလုံးစုံစစ်ပွဲ ဆင်နွှဲခဲ့ပါတယ်။
မြန်မာအာဏာသိမ်းစစ်ကောင်စီကို တာလီဘန်တွေနည်းတူ ကမ္ဘာ့အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ မြန်မာ့အမျိုးသမီးရေးလှုပ်ရှားသူတွေက ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ တောင်းဆို လိုက်ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့ရေးတံခါးပိတ်ဆွေးနွေးပွဲမစခင် မတ်လ ၁၄ ရက်က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့အမျိုးသမီးရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်တာပါ။
ကျား/မရေးရာတန်းတူညီမျှရေးကွန်ရက် ဒါရိုက်တာ ဒေါ်မေစံပါယ်ဖြူက “ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်ကောင်စီ (စကစ)ကို တာလီဘန်တွေနည်းတူ ကမ္ဘာ့အကြမ်းဖက်အဖွဲ့အဖြစ် အထူးသတ်မှတ်လုပ်ဆောင်ဖို့ ကျမတို့ မြန်မာအမျိုးသမီးတွေက တောင်းဆိုပါတယ်”လို့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ အပြုအမူလုပ်ရပ်တွေဟာ တိုင်းပြည်ကိုထိန်းချုပ်ဖို့သာမကဘူး အကြမ်းဖက်မှု စစ်စစ်တွေ ရည်ရွယ်လုပ်နေတာဖြစ်တယ်၊ ဒါတွေဟာ လူသားဖြစ်မှုကိုဆန့်ကျင်တဲ့ရာဇဝတ်မှုနဲ့ လူ့အခွင့်ရေးချိုး ဖောက်မှုတွေဖြစ်တယ်၊ အာဏာသိမ်းပြီးနောက် ဒစ်ဂျစ်တယ်ပ လက်ဖောင်းပေါ်ကနေ ဆန္ဒပြပွဲတွေစီစဉ်တာတွေ၊ နိုင်ငံရေးအမြင်တွေ လွပ်လပ်စွာပြောဆိုခွင့်တွေ နှိပ်ကွပ်ခံနေရပြီး ဖေ့စ်ဘွတ်ခ်မှာ Like တချက်လုပ်ရုံနဲ့ ဖမ်းဆီးနှိပ်စက်ခံရတာ၊ ဖမ်းဆီးစစ်ကြောခံရပြီး အသက်သေဆုံးခဲ့တာတွေရှိနေတယ်လို့လည်း မြန်မာ့အမျိုးသမီးအရေး အားပေးတဲ့ညွှန့်ပေါင်းအဖွဲ့မှ ဒေါ်မေစံပါယ်ဖြူက ပြောပါတယ်။
“ကျမတို့ မြန်မာအမျိုးသမီးတွေယုံကြည်တာက ကျားမတန်းတူရေးအတွက် စစ်ဝါဒအဆုံး သတ်မှရမယ်။ စစ်တပ်အနေ့ သူတို့ကျူးလွန်ခဲ့တာတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတာ အဆုံးသတ်ရမယ်။ ကျမတို့ရင်ထဲက သိနေတာက ကျားမတန်းတူရေးနဲ့ အမျိုးသမီးအခွင့် အရေးတွေဟာ စစ်အစိုးရအာဏာဆက်ရနေရွေ့ ဘယ်တော့မှ ရမှာမဟုတ်ဘူးဆိုတာပါပဲ။”
နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေတရားဝင်ခန့်အပ်ထားတဲ့ NUG အစိုးရကို အသိအမှတ်ပြုဖို့၊ လုံခြုံရေးကောင်စီအနေနဲ့ အိုင်စီစီထံလွှဲပေးဖို့၊ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စစ်ကောင်စီကို မထောက်ခံအောင်နဲ့ ဒီမိုကရေစီအင်အားစုတွေကိုထောက်ခံအောင် ကုလသမဂ္ဂက ဖိအားပေးဖို့၊ အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်သုံးသပ်ဖို့၊ NUG၊ NUCC၊ တိုင်းရင်းသာအပါအဝင် သက်ဆိုင်သူအားလုံးနဲ့ လူသိရှင်ကြား ဆွေးနွေးပွဲကျင်းပပြီး သဘောတူညီချက်အသစ်တွေချမှတ်ဖို့လည်း တိုက်တွန်းပါတယ်။
နော်ဝေနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး မိုနာဂျူးလ်ကလည်း မနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး တံခါးပိတ် အစည်းအဝေးမှာ မြန်မာ အရပ်ဖက်အဖွဲ့အစည်းတွေပါဝင်ဆွေးနွေးတင်ပြခွင့်မရခဲ့ကြောင်းနဲ့ မြန်မာအမျိုးသမီးတွေရဲ့ အသံတွေ သူတို့ဖာသာ တင်ပြခွင့်ရဖို့နဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို အကြံပြုတိုက်တွန်းမှုတွေ လုပ်နိုင်ဖို့ဟာက အရေးကြီးတယ်လို့ ရှုမြင်တဲ့အကြောင်းပြောပါတယ်။
“မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂ နှစ်အတွင်း အခြေအနေတွေက အကျပ်အတည်း ဆိုက်ရောက်နေပါတယ်၊ တိုက်ပွဲတွေဆက်ဖြစ်နေပြီး မြန်မာ ပြည်သူ ၁၇ သန်းကျော် လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေပါတယ်။ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးတွေပါ။ အာဏာသိမ်းမှုဟာ ဆယ်စုနှစ်ချီတိုးတက်မှုတွေကို နောက်ကြောင်းပြန်လှည့်သွားစေခဲ့ပါတယ်။ အမျိုးသမီးခွင့်အရေး၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူတွေဟာ နိုင်ငံရေးအရ လုံးဝ ပစ်မှတ်ထား နှောက်ယှက်ခံနေရ အဓမ္မဖမ်းဆီးခံရ၊ ညှဉ်းပန်းနှိပ်စက်ခံရပြီး အသက်သေဆုံးမှုတွေ တောင်ရှိနေပါတယ်။ အမျိုးသမီးတွေ အမြောက်အမြားဟာ သူတို့ရဲ့ ဘေးကင်လုံခြုံရေးအတွက် နိုင်ငံကိုစွန့်ခွာထွက်ပြေးနေကြရတယ်”လို့ နော်ဝေသံအမတ်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ရာဇဝတ်မှုတွေနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေက ပိုလို့တောင်ဆိုးလာနေတယ်လို့ WLB အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ခေါင်းဆောင်တယောက်ဖြစ်တဲ့ နော်ဆဲဆဲ ကသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
“မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေ၊ လူသားတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေဟာ စစ်အာဏာသိမ်းပြီးနောက်မှာလည်း နက်နက်ရှိုင်းရှိုင်းဆက်လက် ဖြစ်ပွားနေတယ်။ တိုင်းရင်းသားဒေသတွေမှာဆိုရင် လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေနဲ့တခြား ပစ်ခတ်တိုက်ခိုက်မှုတွေဟာ ပြည်သူတွေရဲ့ နေ့စဉ်ဘဝ အစိတ်အပိုင်း တခုလိုဖြစ်လာနေတယ်။ ပဋိပက္ခတွေနဲ့အတူ ကျားမအခြေခံတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ အမျိုးသမီးတွေရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ပိုဆိုးလာတယ်။”
ကုလသမဂ္ဂနဲ့ နိုင်ငံတကာက စစ်ကောင်စီကို လေယာဉ်ဆီအပါအဝင် လက်နက် ပိတ်ဆို့ ဒဏ်ခတ်မှုတွေလုပ်ဖို့၊ စစ်ရာဇဝတ်မှုတွေမှာနဲ့ ဆက်နွှယ်နေတဲ့ တဦးချင်းစီနဲ့ လုပ်ငန်းတွေကို ဒဏ်ခတ်အရေးယူဖို့၊ လူသားချင်းစာနာမှုအကူအညီတွေကို အရပ်ဖက်အဖွဲ့အစည်းတွေကနေတဆင့် နယ်စပ်ဖြတ်ကျော် အကူအညီပေးဖို့ မြန်မာ အမျိုးသမီးတွေက တောင်းဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီကို တရားဝင်လူသိရှင်ကြား သွားရောက်တွေ့ဆုံခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာအနေနဲ့ NUG၊ NUCC၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ အမျိုးသမီးအခွင့်ရေးလှုပ်ရှားသူတွေကို တရားဝင်တွေ့ဆုံ ဆွေးနွေးဖို့လည်း မြန်မာအမျိုးသမီးအရေး လှုပ်ရှားသူတွေက တိုက်တွန်းပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြီး ၂ ခု ဖြစ်ခဲ့ပေမဲ့ နိုင်ငံတကာသတင်းမီယာတွေကသတင်း ဖော်ပြကြတာမရှိတဲ့အကြောင်း၊ ယူကရိန်း အရေးထက်စာရင် မြန်မာ့အရေးဟာ မေ့လျော့ခံနေရကြောင်း၊ မြန်မာ့အရေး ဆွေးနွေးဖို့တောင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတနိုင်ငံချင်းစီကို လိုက်တောင်းပန်နေရကြောင်းနဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေနဲ့ အကြမ်းဖက် စစ်ကောင်စီကို ထင်သာမြင်သာတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့နဲ့ ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေချမှတ်ဖို့ မြန်မာအမျိုးသမီးတွေက တိုက်တွန်းပြောပါတယ်။
မနေ့ကကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးတံခါးပိတ်ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက ပြီးခဲ့တဲ့ ဒီဇင်ဘာလက ချမှတ်ခဲ့တဲ့ မြန်မာအရေး ဆုံးဖြတ်ချက်နဲ့ပတ်သက်တဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို အစီရင်ခံတင်ပြခဲ့ပေမဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဆွေးနွေးပွဲအပြီးကျင်းပလေ့ရှိတဲ့ သတင်းစာရှင်းပွဲကိုတော့ ကုလသမဂ္ဂက အကြောင်းပြချက် မပေးဘဲ ဖျက်သိမ်းခဲ့ပြီး ကုလသမဂ္ဂ အထူးသံတမန် နိုလင်းဟေဇာက မြန်မာအရေးနဲ့ပတ်သက်လို့ ကြေညာချက် ထုတ်ပြန်ဖို့ရှိနေပါတယ်။
Photo-UN