ပြီးခဲ့တဲ့နှစ်က နိုင်ငံပေါင်း ၁၇၅ နိုင်ငံက ၂၀၂၄ ခုနှစ် အဆုံးပိုင်းမှာ ပလတ်စတစ် ညစ်ညမ်းမှုကို အဆုံးသတ်ဖို့ ကုလသမဂ္ဂသဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ပေမဲ့ ကမ္ဘာကြီးရဲ့ စွန့်ပစ်ပစ္စည်းပဋိပက္ခကို ဖြေရှင်းနိုင်ဖို့ သဘောတူစာချုပ်ကို ပြန်လည်ပြင်ဆင်မှုတွေ လုပ်ရမယ်လို့ ကျွမ်းကျင်သူတွေက ဖေဖော်ဝါရီ ၂၇ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
ကုလသမဂ္ဂ သဘောတူစာချုပ်အရ ပလတ်စတစ်အသုံးပြုမှု လျှော့ချဖို့ တခါသုံး ပလတ်စတစ်ပစ္စည်းတွေ အသုံးပြမှု ပိတ်ပင်တာ၊ ညစ်ညမ်းစေတဲ့ စွန့်ပစ်ပစ္စည်း ထုတ်လုပ်သူတွေကို ဒဏ်ငွေကောက်တာနဲ့ ပလတ်စတစ်ထုတ်လုပ်မှုအတွက် အခွန်ကောက်ခံတာတွေသာ ပြုလုပ်ခဲ့တဲ့အတွက် အဆက်မပြတ်မြင့်တက်လာတဲ့ ပလတ်စတစ် အသုံးပြုမှုနဲ့ ထုတ်လုပ်မှုကို မတားဆီးနိုင်ဘူးလို့ အစီရင်ခံစာမှာ သတိပေး ထုတ်ပြန်ထားပါတယ်။
အစီရင်ခံစာ တွဲဖက်ရေးသားသူ ပါကာက “ဒီပြဿနာက မဖြေရှင်းနိုင်တဲ့ ပြဿနာ မဟုတ်ပါဘူး။ မှန်ကန်တဲ့ စည်းမျဉ်းစည်းကမ်း ကန့်သတ်ချက်တွေ၊ ခိုင်ခံ့တဲ့ ကြားဝင်ဖျန်ဖြေမှုတွေနဲ့ စီးပွားရေးဆိုင်ရာ မက်လုံးတွေနဲ့ဆို ဖြေရှင်းနိုင်လိမ့်မယ်” လို့ ပြောပါတယ်။
၁၉၅၀ ပြည့်နှစ်မှာ တကမ္ဘာလုံးအနေနဲ့ ပလတ်စတစ်တန်ချိန် ၂ သန်းလောက်ပဲ ထုတ်လုပ်ခဲ့ပေမဲ့ အခုလက်ရှိမှာတော့ ပလတ်စတစ်အသုံးပြုမှုဟာ ၂၀၁၉ ခုနှစ်ရဲ့ နှစ်ဆနီးပါးဖြစ်လာပြီး နှစ်စဉ် ပလတ်စတစ်တန်ချိန်ပေါင်း ၄၅၁ သန်းအထိ မြင့်တက်လာတာကြောင့် ကုလသဘောတူစာချုပ် မူဝါဒတွေက အသုံးပြုမှုသတ်မှတ်ချက်အောက်ရောက်အောင်လုပ်ဖို့ အရမ်းအားနည်းလွန်းတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
နိုင်ငံအများစုမှာ စွန့်ပစ်ပလတ်စတစ် ထုတ်လုပ်မှုကို မထိန်းချုပ်နိုင်ဘဲ ပလတ်စတစ်အသစ်တွေက ပြန်လည်အသုံးပြုလို့ရတဲ့ပစ္စည်း ထုတ်လုပ်တာထက် ပိုဈေးသက်သာတဲ့အတွက် နှစ်စဉ် ပလတ်စတစ်တန်ချိန်များစွာ ထုတ်လုပ်နေတာဖြစ်ပြီး စွန့်ပစ်ပစ္စည်း ညစ်ညမ်းမှု မြင့်တက်နေတာ ဖြစ်ပါတယ်။