ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်အပေါ် ကန့်ကွက်တဲ့ ဆန္ဒထုတ်ဖော်ပွဲကို တနင်္သာရီတိုင်း၊ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ အရှေ့သိမ်ဘောလုံးကွင်းမှာ ဇန်နဝါရီ ၁၂ ရက်က ပြုလုပ်ခဲ့ပါတယ်။
ဒီဆန္ဒပြပွဲကို စစ်ကောင်စီခန့် မြိတ်တောင်အုပ်ချုပ်ရေးက ဦးဆောင်ပြီး ငွေကျပ် ၁၀၀၀၀ စီပေးကာ လူအင်အား ၁၀၀ လောက်နဲ့ ပြုလုပ်ခဲ့တာလို့ ဒေသခံတွေထံက သိရပါတယ်။
“ဒီလိုဆန္ဒပြပွဲက ဒေသခံတွေ သဘောထားမဟုတ်ပါဘူး။ မနက်အစောကတည်းက စစ်တပ်ကားနဲ့ လေတပ်ထဲကထွက်လာကြပြီး မြိတ်တောင်ဘောလုံးကွင်းမှာ လာစုပြီး ၆ နာရီခွဲမှ ၇နာရီအထိ ပွဲလာလုပ်တယ်။ အပြင်လူမဝင်ရဆိုပြီးမောင်းထုတ်တာတွေလုပ်တယ်။ စစ်တပ်ဆက်နွှယ်သူတွေ အချင်းချင်း အပြန်အလှန်ထောက်ခံနေကြတာပါ။”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဒီဆန္ဒထုတ်ဖော်ပွဲမလုပ်ခင် လွန်ခဲ့တဲ့ ၃ ရက်လောက်က ဆေးတပ်က ဗိုလ်မှူးဇေယျာဝင်းကနေပြီး ဘိတ်တောင်အုပ်ချုပ်ရေးမှူးရုံးမှာ အစည်းအဝေးလုပ်တယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။
မြို့ခံတက်ကြွလုပ်ရှားသူတစ်ဦးက “ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ရှုတ်ချတဲ့ လုပ်ရပ်ဆိုတာကတော့ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အမြဲလုပ်နေတဲ့အရာမျိုးဖြစ်နေပါပြီ။ ဘာကြောင့်ဆို စကစကို ပိတ်ဆို့အရေးယူမှုလုပ်တိုင်း ဒီလိုတုံ့ပြန်မှုတွေလုပ်နေကြတာပါပဲ။ သူတို့မှာလုပ်နိုင်တာပြောနိုင်တာ ဒီအဆင့်ပဲ့ရှိတယ်ဆိုတော့ စကစအခြေအနေကလည်း ခွေးသေကောင်ပုပ် လည်ပင်းဆွဲပြီး လျှောက်သွားနေတဲ့ အရူးမျိုးဖြစ်နေပါပြီ”လို့ ပြောပါတယ်။
မြိတ်မြို့ခံတစ်ဦးက “ကျနော်တို့ရဲ့ပြည်သူ့ဆန္ဒအစစ်အမှန်ကတော့ နိုင်ငံတကာရဲ့အကူအညီကို မလျော့တမ်းဇွဲနဲ့ တောင့်ခံပြီး စောင့်နေတာမို့ အနှေးနဲ့အမြန် ကူညီပေးကြပါ”လို့ တောင်းဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုတာပါဝင်တဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီဇင်ဘာ ၂၁ ရက်မှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာဖြစ်ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်ဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာဖြစ်လို့ လက်မခံတဲ့အကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဌာနက ဒီဇင်ဘာ ၂၃ ရက်မှာ ကြေညာပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ပါအချက်တွေဟာ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်း ရေးအတွက် အပြုသဘော အကျိုးဖြစ်ထွန်းမှုမရှိစေဘဲ၊ နိုင်ငံရေးသွတ်သွင်းရန် ရည်ရွယ်ထားတဲ့ အချက်တွေကိုသာ ဦးစားပေးထားတယ်လို့ လည်းဆိုပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ တောင်းဆိုထားတာပါဝင်တဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာ ၂၁ ရက်မှာ ကန့်ကွက်သူမရှိ အတည်ပြုချက်မှတ်လိုက်တဲ့အပေါ် အာဏာသိမ်း စစ်ကောင်စီက တုံ့ပြန်လိုက်တာပါ။
မြန်မာနိုင်ငံအခြေအနေဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ် ထိခိုက်သက်ရောက်မှုမရှိဘဲ ပြည်တွင်းရေးသာဖြစ်လို့ အခုလို ဆုံးဖြတ်ချက်ချတာဟာ ကုလသမဂ္ဂပဋိညာဉ်စာတမ်းနဲ့ မညီညွတ်ဘဲ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့ အချက်များစွာ ပါဝင်တယ်လို့ ဆိုပါတယ်။
ကုလဆုံးဖြတ်ချက်မှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ တောင်းဆိုထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တည်ဆဲဥပဒေနဲ့ အညီဆောင်ရွက်နေကြောင်းနဲ့ NUG နဲ့ PDFs တို့ရဲ့ လုပ်ရပ်တွေကိုသာ ရှုတ်ချတားဆီးဖို့လိုကြောင်း စစ်ကောင်စီထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
မြန်မာနိုင်ငံအကြောင့် မြန်မာနိုင်ငံကသာ အသိရှိဆုံးဖြစ်ပြီး ဖြေရှင်းနိုင်စွမ်းရှိကြောင်း၊ ပြည်ပနိုင်ငံတွေရဲ့ စွက်ဖက်မှုတွေနဲ့ ဖိအားတွေ ကြားဝင်ဆောင်ရွက်မှုတွေဟာ နိုင်ငံအများအပြားမှာ အောင်မြင်မှုမရရှိကြောင်း၊ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အားပေးထောက်ခံရမယ့်အစား၊ ပြည်တွင်းတည်ငြိမ်မှုကို ထိခိုက်ပျက်ပြားစေမယ့် ဖိအားပေးမှုတွေဟာ ဘယ်လိုမှအထောက်အကူမပြု ကြောင်းနဲ့ ဒီဆောင်ရွက်ချက်တွေကို လက်ခံမည်မဟုတ်ဘူးလို့ စစ်ကောင်စီကတုံ့ပြန်လိုက်ပါတယ် ။
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ပထမဆုံးအကြိမ်ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ဗီတိုအာဏာအသုံးပြုခွင့်ရှိတဲ့ တရုတ်နဲ့ ရုရှားတို့ကပါ ကန့်ကွက်ခဲ့ခြင်း မရှိပါဘူး။
Photo-MOFA