close

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်

close

January 5, 2023

ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးရန် ကုလသမဂ္ဂအကြီးအကဲထပ်မံတောင်းဆို

နေပြည်တော်အချုပ်ထောင်မှာ အကျဉ်းချခံထားရတဲ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးဖို့  ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူးတားရက်စ်က ထပ်မံ တောင်းဆိုလိုက်ပါတယ်။

ဂူးတားရက်စ်ရဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟာ့ခ်က“ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုနောက်ထပ် ချမှတ်လိုက်တဲ့ ပြစ်ဒဏ်တွေပေါ်မှာ အလွန် စိုးရိမ်စိတ်မကောင်းဖြစ်ရကြောင်းအတွင်းရေးမှူးချုပ်က ဖော်ပြခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နဲ့အတူ မြန်မာနိုင်ငံမှာ ဥပဒေမဲ့ စိတ်ထင်တိုင်းဖမ်းဆီးခံထားရသူတွေကို ချက်ချင်းလွှတ်ပေးဖို့ ထပ်မံတောင်းဆိုလိုက်ပါတယ်”လို့ ဇန်နဝါရီလ ၃ ရက်က ထုတ်ပြန်မှုမှာ ပြောခဲ့ပါတယ်။

တရားဥပဒေရှေ့မှောက်မှာ လူတိုင်း တန်းတူညီမျှရှိစေရေး၊ အပြစ်ကင်းတယ်လို့ ကြိုတင်ယူဆချက်ရှိစေရေး၊ တရားမျှတပြီး ဘက်လိုက်မှုမရှိတဲ့ ပွင့်လင်းမြင်သာတဲ့ တရားခွင်မှာ စစ်ဆေးကြားနာမှုရစေရေးနဲ့ တရားခွင်မှာ မိမိကိုယ်ကိုယ် ခုခံကာကွယ်ခွင့် အာမခံချက်အပြည့်အဝရှိစေရေးတို့ကို ပိုမိုလေးနက်သက်ဝင်အောင် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အ ရေးကြေညာစာတမ်းမှာ သတ်မှတ်ဖော်ပြထားပါတယ်လည်း သူကပြောပါတယ်။

အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဩဇာခံ စစ်ခုံရုံးကနေ အဂတိလိုက်စားမှုစွပ်စွဲချက်နဲ့  ပြီးခဲ့တဲ့သီတင်းပတ်မှာ နောက်ထပ် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ပြီး  စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်ရှိနေပြီဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်းဒရူးစ်ကလည်း မြန်မာစစ်အာဏာရှင်တွေကို စကားလုံးတွေနဲ့ ရှုတ်ချပြစ်တင်တာထက်ပိုတဲ့ အရေးယူမှုတွေပြုလုပ်ဖို့  ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။ 

“သူတို့အပေါ် စကားလုံးတွေနဲ့ ပြစ်တင်ရှုတ်ချနေတာထက်ပိုတဲ့ အရေးယူမှုတွေကို ကမ္ဘာ့ခေါင်းဆောင်တွေက အကောင်အထည်ဖော်ဖို့လိုနေပါပြီ။ သူတို့ကိုလက်တွေ့အရေးယူဖို့ လိုနေပါပြီ” လို့  တွမ်အန်းဒရူးစ်က  သူ့ရဲ့ တွစ်တာမှာရေးပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လည်လွှတ်ပေးဖို့တောင်းဆိုတာပါဝင်တဲ့ မြန်မာ့ရေးဆုံးဖြတ်ချက်တရပ်ကို  ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြီးခဲ့တဲ့လက ကန့်ကွက်သူမရှိ အတည်ပြုချမှတ်ထားပါတယ်။

၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အဖြစ် ဇန်နဝါရီ ၄ ရက်က အကျဉ်းသား ၇၀၀၀ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာမှာတော့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး သူရ ဦးအောင်ကိုတယောက်ကလွဲပြီး    ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီခေါင်းဆောင်တွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးတွေ၊ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေကတော့ ပါမလာခဲ့ပါဘူး။

15 mins Ago

February 22, 2021

ပြည်သူအပေါ်ဖိနှိပ်မှု ချက်ချင်းရပ်တန့်ရန် မြန်မာစစ်တပ်ကို ကုလသမဂ္ဂအကြီးအကဲတောင်းဆို

မြန်မာစစ်တပ်အနေနဲ့ ဖိနှိပ်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့၊ ဖမ်းဆီးထိန်းသိမ်းထားတွေကို လွှတ်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရပ်စ်က အပြင်းအထန်တောင်းဆိုလိုက်ပါတယ်။ 

ဒီကနေ့ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က  မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့  ပြောကြားရာမှာ ထည့်သွင်း ပြောသွားတာပါ။

လူ့အခွင့်အရေးနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဖော်ပြခဲ့တဲ့ ပြည်သူတို့ရဲ့ ဆန္ဒကို လေးစားဖို့နဲ့ ခေတ်မီတိုးတက်တဲ့ ကမ္ဘာမှာ  အာဏာသိမ်းမှုတွေအတွက် နေရာမရှိပါလို့လည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။

အတွင်းရေးမှူးချုပ် ဂူတာရပ်စ်က “ဒီမိုကရေစီ အနှစ်သာရကို ယုတ်လျော့စေခြင်း၊ ရက်စက်စွာ အင်အားသုံးခြင်း၊ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးထိန်းသိမ်းခြင်းနဲ့ ဖိနှိပ်မှုမျိုးစုံလုပ်ဆောင်နေမှုတွေကို  ကျွန်ုပ်တို့ တွေ့မြင်နေရတယ်။ ပြည်သူလူထုရဲ့ လှုပ်ရှားဆောင်ရွက်နိုင်ခွင့်တွေကို ကန့်သတ်ချုပ်ချယ်မှုတွေ၊ အရပ်ဘက် ပြည်သူတွေကို တိုက်ခိုက်မှု၊ ရိုဟင်ဂျာလူမျိုးစုတွေကို မျိုးတုန်းသတ်ဖြတ်မှုဟု အမှန်အကန်ခေါ်ဆိုခဲ့တဲ့ ချိုးဖောက်မှုအပါအဝင် လူနည်းစုတွေကို တာဝန်ခံမှုမရှိ ပြင်းထန်တဲ့ ချိုးဖောက်မှုတွေ စတဲ့ ကျူးလွန်ချိုးဖောက်မှုများစွာ ဆက်လက်ရှိနေပါတယ်၊ ဖရိုဖရဲကသောင်းကနင်းအခြေအနေသို့ ဦးတည်နေပါတယ်” လို့ပြောပါတယ်။ 

လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ကြိုဆိုတဲ့အကြောင်း၊ တောင်းဆိုမှုတွေကို ဖြည့်ဆည်းပေးဖို့ ကတိပြုကြောင်းနဲ့ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးတွေနဲ့ တရားဥပဒေစိုးမိုးရေး ကြိုးပမ်းဆောင်ရွက်နေကြတဲ့ မြန်မာပြည်သားတွေကို အပြည့်အဝ ထောက်ခံအားပေးတယ်လို့ ကုလအကြီးအကဲက ပြောပါတယ်။

Photo- UN

2 years Ago
Up