close

ကုလသမဂ္ဂ

close

May 4, 2023

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ရန် ကုလထပ်မံတောင်းဆို

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တရားလက်လွတ် ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာအာဏာသိမ်းစစ်တပ်ကို ထပ်မံတောင်းဆိုလိုက်ပါတယ်။

မေလ ၃ ရက်က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံက နိုင်ငံရေးအကျဥ်းသား ၂၀၀၀ ကျော် ပြန်လွှတ်ပေးမှုနဲ့  ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နိုလင်းဟေဇာရဲ့ တရုတ်နိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး သတင်းထောက်တဦးရဲ့ မေးမြန်းချက်ကို အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် ပြောခွင့်ရသူ ဖာရန်ဟတ်က  ဖြေဆိုရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

မစ္စတာ ဖာရန်ဟတ်က “တရုတ်နိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး တစုံတရာဆက်စပ်မှုရှိတယ်လို့တော့ ကျနော်မပြောနိုင်ပါဘူး။ ကျနော်တို့ဘက်က ပြောနိုင်တာကတော့ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံ အကျဥ်းသားတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ကြေညာလိုက်တဲ့အပေါ် အတွင်းရေးမှူးချုပ်က အားတက်ပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တရားလက်လွတ် ဆက်လက် ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ အတွင်းရေးမှူးချုပ်က ထပ်လောင်း တောင်းဆိုပါတယ်”လို့ပြောပါတယ်။

မြန်မာမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ၊ အရပ်သားတွေအပေါ် ခွဲခြားဖိနှိပ်ဆက်ဆံ တိုက်ခိုက်မှုတွေနဲ့ မြန်မာလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တရားမဲ့ ဖမ်းဆီးမှုတွေ အပေါ်အလွန်အမင်း စိုးရိမ်နေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ တရုတ်နိုင်ငံ ပေကျင်းမြို့ကို အခုသီတင်းပတ်  မေ ၁ ရက်ကနေ  ၂ ရက်အထိ ပထမဆုံးအကြိမ်  သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ဂန်းနဲ့ရော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာဆီယံ အထူးကိုယ်စားလှယ် တိန်ရှီကျင်းနဲ့ပါ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။  

ဒီခရီးစဉ်မှာ မစ္စနိုလင်းဟေဇာက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးရေးနဲ့  နိုင်ငံတည်ငြိမ်ရေးကို ဦးတည်ပြီးတော့ လက်ရှိမြန်မာပြည်မှာ ဖြစ်နေတဲ့ ပဋိပက္ခအကျပ်အတည်းကို  နိုင်ငံတကာက ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့အတွက် သြဇာလွှမ်းမိုးနိုင်တဲ့ အိမ်နီးချင်းနိုင်ငံတွေပါဝင်တဲ့ ညီညွတ်တဲ့ဒေသတွင်း ကြိုးပမ်းမှုတခုလိုအပ်တယ်လို့ အလေးထားပြောဆိုခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန် ပြောဆိုပါတယ်။ 

ဒါ့အပြင် မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ နဲ့ အညီ  စနိုလင်းဟေဇာအနေနဲ့ အာဆီယံအထူးကိုယ်စားလှယ်နဲ့ အနီးကပ် ဆက်လက် ပူးပေါင်းဆောင်ရွက်နေပြီးတော့  အကြမ်းဖက်မှုတွေ လျော့နည်းသွားစေဖို့နဲ့ တာရှည်ခံတဲ့ နိုင်ငံရေး အဖြေတခုရရှိရေးအတွက်   ပြည်သူ့ဆန္ဒနဲ့ လိုအပ်ချက်တွေအရ မြန်မာပြည်သူတွေဦးဆောင်တဲ့   ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အားလုံးပါဝင်နိုင်တဲ့ လုပ်ငန်းစဉ်တခုကို ရှာဖွေနေတယ်လို့လည်း ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းဟာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ တွေ့ဆုံအပြီးမှာ မြန်မာနိုင်ငံကို ဆက်လက်သွားရောက်ကာ  နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သွားရောက်ပြီး နောက်တနေ့ ကဆုန်လပြည့်နေ့မှာပဲ နိုင်ငံတဝန်း ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၂,၁၅၃ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်သလို သေဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား ၃၈ ဦးကိုလည်း ထောင်ဒဏ် တသက်သို့ ပြောင်းလဲကျခံစေဖို့ စစ်ကောင်စီက အမိန့် ထုတ်ပြန်လိုက်ပါတယ်။

15 mins Ago

May 3, 2023

မြန်မာပြည်အနောက်မြောက်ဘက်တွင် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁ သန်းကျော်ရှိလာဟု ကုလ ထုတ်ပြန်

စစ်အာဏာသိမ်းယူပြီးချိန်ကတည်းကမြန်မာနိုင်ငံရဲ့ အနောက်မြောက်ဘက်မှာ နေရပ်စွန့်ခွာ ထွက်ပြေးကြရသူ ဦးရေဟာ ပထမဆုံးအကြိမ်အနေနဲ့ ၁ သန်းကျော်လွန်သွားခဲ့ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA Myanmar) က ပြောပါတယ်။

နိုင်ငံတဝန်းမှာတော့အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ စုစုပေါင်း ၁ ဒသမ ၈ သန်းကျော် ရှိလာနေတာပါ။

ဒါ့အပြင် နိုင်ငံရဲ့ အနောက်‌မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတို့မှာလည်း ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေ ဆက်လက်ဖြစ်ပေါ်နေပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေလည်း မြင့်တက်နေတယ်လို့ ဆိုပါတယ်။

ဒါဟာ စစ်အာဏာသိမ်းပြီးချိန်ကတည်းကနေ အခု ၂၀၂၃ ခုနှစ် ဧပြီ ၂၄ ရက်အထိ ကုလသမဂ္ဂရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ ဖော်ပြထားတာဖြစ်ပြီး ဧပြီ ၂၄ ရက်ကနေ ၂၇ ရက်အထိ ကယားပြည်နယ်အစပ် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု အပါအဝင် တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့တာကြောင့် ဆေးရုံ ၁ ရုံ ပျက်စီးပြီး လူနာတွေလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တချိန်တည်းမှာပဲ ကယားပြည်နယ် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေက ယာယီစခန်းတွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေတယ်လို့ UNOCHA Myanmar က ထုတ်ပြန်ထားပြီး အစီရင်ခံနေချိန်အတွင်းမှာပဲ  ဒေသတချို့မှာ လေဆင်နှာမောင်းနဲ့ လေပြင်းတိုက်ခတ်ခဲ့ပြီး နေအိမ်နဲ့ အဆောက်အဦတွေ ပျက်စီးခဲ့တာကြောင့် ထပ်လောင်း လိုအပ်ချက်တွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

UNOCHA Myanmar အနေနဲ့ သွားရောက်ကူညီခွင့်ရဖို့ ကန့်သတ်ချက်တွေနဲ့ ရန်ပုံငွေ လိုအပ်ချက်တွေ ရှိနေပေမဲ့လည်း လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေဟာ ထိခိုက်နစ်နာသူတွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေအတွက် အရေးပေါ်အကူအညီ‌တွေ ဆက်လက်ပံ့ပိုးပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

1 day Ago
Up